နေတန်ညာဟုနဲ့ ထရမ့်တို့ တွေ့ဆုံမှု - အစ္စရေးနဲ့ ဟားမတ်စ်တို့ အပေါ် စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေက ဘာတွေလဲ

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု
  • ရေးသားသူ, နာတာလီ မာဇူဂီနဲ့ အာမက် နော်ရ်
  • ရာထူးတာဝန်, ဘီဘီစီသတင်း အာရဗီ

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အခုသီတင်းပတ်မှာ ဝါရှင်တန်မှာ တွေ့ဆုံထားပါတယ်။ ဒါကြောင့် အစ္စရေးဝန်ကြီးချုပ်ဟာ မစ္စတာ ထရမ့် သမ္မတတာဝန်ယူပြီးတဲ့နောက် ပထမဆုံးလက်ခံတွေ့ဆုံတဲ့ ပြည်ပနိုင်ငံ့ခေါင်းဆောင် ဖြစ်လာပါတယ်။

သူတို့ နှစ်ဦးဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်မှု၊ အဲဒီနောက်ဆက်တွဲ ပါလက်စတိုင်းထောင်ချီသေဆုံးတဲ့ အစ္စရေးနဲ့ ဟားမတ်စ်ကြားဖြစ်တဲ့ ၁၅ လကြာ ဂါဇာစစ်ပွဲရဲ့ ၁၅ လကြာ အပစ်ရပ်ကိစ္စကိုလည်း ဆွေးနွေးကြပါတယ်။

မစ္စတာ နေတန်ညာဟု နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက် ဂဲလန့် တို့ကို နိုင်ငံတကာရာဇဝတ် ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ခဲ့အပြီးမှာ ဝန်ကြီးချုပ်ရဲ့ အခု ခရီးစဥ် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဟားမတ်စ် စစ်သွေးကြွအဖွဲ့က တပ်မှူး မဟာမက် ဒေ့ဖ် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကိုလည်း ICC က ဖမ်းဝရမ်း ထုတ်ထားပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီလိုဖမ်းဝရမ်းထုတ်ခံထားရသူတစ်ဦးအတွက် ခရီးသွားလာဖို့ ဆိုတာ ပိုပြီး ခက်ခဲပါတယ်။ ဒီတော့ နေတန်ညာဟုက အမေရိကန်ကို ဘယ်လိုကြောင့် သွားနိုင်တာပါလဲ။

ဖမ်းဝရမ်းထုတ်ခံထားရသူ တစ်ဦးအနေနဲ့ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံကို သွားရောက်ခဲ့ရင် အခြေခံသဘောအရတော့ အဲဒီသူဟာ ဖမ်းဆီးခံရပြီး ICC ရှိတဲ့ The Hague ရဲ့ တရားခွင်ကို လွှဲပြောင်းပို့ဆောင်ခံရတာမျိုးဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ICC ဟာ သူထုတ်ထားတဲ့ဖမ်းဝရမ်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာလုပ်ဆောင်ဖို့ စေခိုင်းနိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေက လိုက်ပါလုပ်ဆောင်နိုင်မှုကိုပဲ အားထားရတာဖြစ်ပါတယ်။

အမေရိကန်ကတော့ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ထိုးထားတာမဟုတ်ပါဘူး။ ICC ရဲ့ နေတန်ယာဟုအပေါ် စွပ်စွဲချက်တွေကို အမေရိကန် ဘက်က ပယ်ချထားပြီး သူ့နိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့ ဘေးအန္တရာယ်မျိုးမရှိစေဘဲ လွတ်လပ်စွာသွားလာလို့ ရနေတာမျိုးပါ။

ဂါဇာက အကြီးအကျယ်ဖျက်ဆီးခံထားရပြီး ပိပြားနေတဲ့ နေအိမ်နဲ့အဆောက်အဦးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးနဲ့ ဟားမတ်စ် တို့ကြားက စစ်ပွဲကြောင့် ဂါဇာရဲ့ မြို့ပြအဆောက်အဦးအများအ ပြားဟာ ပျက်စီးခဲ့ရပါတယ်။

အစ္စရေးနဲ့ သူ့နိုင်ငံခေါင်းဆောင်တွေ ဘာတွေ စွပ်စွဲခံထားရလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ICC ရှေ့နေချုပ် ကရင်းမ် ခန်က ဂါဇာမှာ အစ္စရေးကလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နေတန်ညာဟုနဲ့ ယိုအက် ဂဲလန့်တို့မှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားတာပါ။

စွပ်စွဲချက်တွေထဲမှာတော့ "အချိန်ကြာရှည်စွာ အစားအသောက်ဖြတ်တောက်တဲ့နည်းနဲ့ စစ်ပွဲဆင်နွဲမှုနဲ့ လူသားမျိုးနွယ်တွေကို ဆန့်ကျင်တဲ့လူသတ်မှုလို ရာဇဝတ်မှု၊ နိုင်ငံရေး၊ လူမျိုးနဲ့ ဘာသာရေးတွေအပေါ် အခြေခံပြီး နှိပ်စက် ညှင်းပမ်းမှုနဲ့ အခြားသောလူသား မဆန်တဲ့လုပ်ရပ်တွေ" လို့ ဆိုထားပါတယ်။

ရှေ့နေဘက်ကတော့ ငြီးငွေ့ စိတ်ကုန်စရာကောင်းတဲ့ ဒီနိုင်ငံရေးသမား နှစ်ဦးစလုံးဟာ ''အရပ်သားလူဦးရေကို ပစ်မှတ်ထားတဲ့ တိုက်ရိုက်တိုက်ခိုက်မှု ရာဇတ်မှုတွေအတွက် အရပ်သားခေါင်းဆောင်တွေအနေနဲ့ ရာဇဝတ်ပိုင်းအရ တာဝန်ရှိတယ်လို့ ယုံကြည်လောက်တဲ့ သသေတွေ သူ့မှာ ရှိထားတယ်'' လို့လည်း ဆိုပါတယ်။

စစ်ပွဲအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်တဲ့ ပါလက်စတိုင်း ၄၇,၀၀၀ ကျော် သေဆုံးထားပြီးဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ကတော့ ဒါကို "နိုင်ငံတကာ ဥပဒေကို စနစ်တကျ ဖောက်ဖျက်ကျူးလွန်မှု" လို့ ဆိုပါတယ်။

နေတန်ညာဟုနဲ့ ဂဲလန့်တို့ကို စွပ်စွဲထားတာနဲ့ပတ်သက်တဲ့ သက်သေတွေကို ICC ဘက်က အပြည့်အဝ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ ဂါဇာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်တွေကတော့ အစ္စရေးလက်ဖြောင့်သေနတ်သမားတွေနဲ့ ဒရုန်းတွေဟာ ကလေးငယ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ပြောပါတယ်။

"ကလေးတွေကို ကုသပေးနေတုန်းမှာဆိုရင် ကလေးတစ်ယောက်က ''ဗုံးကျတော့ ကျွန်တော်မြေပြင်မှာ ဝပ်နေတာ၊ အဲဒီမှာ ဒရုန်းတစ်စီးက ထိုးဆင်းလာပြီး ကျွန်တော့်အပေါ် ဝဲပျံတယ်၊ ပြီးတော့ ပစ်တယ်'' လို့ ဆိုပြီး ပြောတာမျိုးရှိတယ်'' လို့ စစ်ပွဲအတွင်း အလုပ်လုပ်ခဲ့တဲ့ခွဲစိတ်ဆရာဝန် ပါမောက္ခ နီဇမ် မာမုတ်က ပြောပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဗြိတိသျှလွှတ်တော်မှာပြုလုပ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီ ကြားနာမှုမှာ သူက အဲဒီလို ထွက်ဆိုသွားတာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကလည်း အစ္စရေးကို ပါလက်စတိုင်းအရပ်သားတွေကို ထိန်းသိမ်းမှု၊ လူသားမဆန်စွာဆက်ဆံမှုနဲ့ အဲဒီထဲက အရပ်သားအချို့ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကြုံရစေမှုတွေဖြစ်စေတယ်လို့ စွပ်စွဲပါတယ်။ ကလေးငယ်တွေကိုလည်း အကျဥ်းသားအဖြစ် ချုပ်နှောင်တယ်လို့လည်း စွပ်စွဲထားကြပါတယ်။

ICC ရဲ့ ဖမ်းဝရမ်းတွေဟာ တောင်အာဖရိကနိုင်ငံက နိုင်ငံတကာတရားရုံး(ICJ) မှာ အစ္စရေးကို တိုင်ထားတဲ့ တခြားအမှုနဲ့အတူ ရှိနေတာဖြစ်ပါတယ်။ ICJ ကတော့ လူပုဂ္ဂိုလ် တစ်ဦးချင်း တစ်ယောက်ချင်းစီထက် နိုင်ငံတော်တွေကို နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးတာဖြစ်ပါတယ်။

တောင်အာဖရိကဟာ နိုင်ငံနဲ့ နယ်မြေပိုင်နက် ၁၄ ခုရဲ့ထောက်ခံမှုနဲ့ ဂါဇာမှာ အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂဲလန့်ကတော့ သူ တာဝန်ယူချိန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတုန်းက အစ္စရေးဟာ "ဂါဇာကို အလုံးစုံ ပိတ်ဆို့ ထိန်းချုပ်မှုတစ်ခု" ကို စတင်ကျင့်သုံးနေပြီလို့ ပြောခဲ့ပါတယ်။ တောင်အာဖရိကကတော့ ဒီပြောဆိုချက်ကပဲ လူမျိုးတုံးဆိုင်ရာလုပ်ရပ်တွေ ကျူးလွန်အောင်နဲ့ဖြစ်လာအောင် ရည်ရွယ်ပြသ တယ်လို့ပြောပါတယ်။

ICJ မှာ တင်ထားတဲ့အမှုမှာဆိုရင် ဂါဇာက အခြေခံအဆောက်အဦ ၆၆ ရာခိုင်နှုန်းကို ပျက်စီးခံရတာ၊ လူဦးရေ ၉၀ ရာခိုင်နှုန်းကိုလည်း အတင်းအကြပ် ပြောင်းရွှေ့စေခဲ့တယ်လို့ သက်သေအဖြစ် ထည့်သွင်း ပြောထားပါတယ်။ တရားလိုရှေ့နေတွေကတော့ ဒါလို အခြေအနေကပဲ ပါလက်စတိုင်းလူထု ပျက်စီးရာ အကြောင်းရင်းခံတွေဖြစ်လာစေတယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းကတော့ ICJ ဟာ ဂါဇာမှာ အစ္စရေးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆိုတာကို ဆုံးဖြတ်ခဲ့တာမျိုး မဟုတ်ဘဲ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ် တွေ ကြိုတင်ဟန့်တားဖို့နဲ့ ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုဖို့ အစ္စရေးကို အမိန့်ချခဲ့ပါတယ်။

အစ္စရေး ဘက်က ဘာတွေ တုံ့ပြန်ထားလဲ

နေတန်ညာဟုကတော့ ICC က သူ့ကို ထုတ်ခဲ့တဲ့ဖမ်းဝရမ်းကို ပြန်ရုတ်သိမ်းဖို့နဲ့ သူ့အပေါ် စွပ်စွဲချက်တွေဟာ "ဂျူးလူမျိုးတွေအပေါ် မုန်တီး၊ ခွဲခြားဆက်ဆံမှု" လို့ တုံ့ပြန်ခဲ့ပါတယ်။ ICC ရဲ့ တရားစီရင်ခွင့်ကိုလည်း အစ္စရေးဘက်က ပယ်ချထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းက ICC အဖွဲ့ဝင်အဖြစ် ဖြစ်ခဲ့တာကြောင့် ICC ဟာ ဂါဇာနဲ့ပတ်သက်ပြီး တရားရေးစီရင်ပိုင်ခွင့် ရှိနေပါတယ်။

တောင်အာဖရိကက ICJ မှာ စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ကိုလည်း ပယ်ချထားပြီး အစ္စရေးက "လုံးဝ အထောက်အထားမဲ့" ပြီး "လက်တွေ့မဆန်၊ မလျော်ကန်တဲ့အရာ" လို့ ဆိုကာကန့်ကွက်ထားပါတယ်။ "ဘက်လိုက်ပြီး မမှန်ကန်တဲ့ပြစ်တင်မှု" လို့လည်း တောင်အာဖရိက အပေါ် ပြန်လည်ချေပထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ ဟားမတ်စ်အဖွဲ့ကသာ ပါလက်စတိုင်းလူထုကို လူသားဒိုင်းပုံစံ အသုံးချနေတာလို့ ‌ပြောပါတယ်။

အစ္စရေးဟာ အတိတ်တုန်းကလည်း အကျဥ်းသားတွေအပေါ် မလျော်မကန် ဆက်ဆံမှုကို ငြင်းဆိုထားပေမဲ့ စစ်တပ်ကတော့ စစ်ပွဲအတွင်း စစ်သားတွေက လုပ်ရပ်တွေကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတချို့ကို စတင်ပြုလုပ်ထားပါတယ်။ အဲဒီထဲမှာ ထိန်းသိမ်းထားသူတွေပေါ် ကျူးလွန်မှု၊ လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှု စွပ်စွဲချက်တွေ ပါဝင်ပါတယ်။

ဂါဇာက အပျက်အစီး အတိုင်းအဆ၊ ဇန်နဝါရီလ ၁၁ ရက်နေ့ အထိ အခြေအနေ

ဟာမတ်စ်အဖွဲ့ ဘာတွေ စွပ်စွဲခံထားရလဲ

ICC ဟာ အစ္စရေးကို ဟားမတ်စ်က ဝင်တိုက်တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေကို ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဟားမတ်စ် တပ်မှူး မဟာမက် ဒေ့ဖ်၊ ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ၊ နောက် ဟားမတ်စ် နိုင်ငံရေးမှူး အစ္စမေလ် ဟာနီယာ တို့ကိုလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။

သူတို့ သုံးဦးစလုံးကတော့ အဲဒီနောက်ပိုင်းမှာ သေဆုံးခဲ့ကြပြီးဖြစ်ပါတယ်။

ICC ရှေ့နေကတော့ သူတို့ကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပါတယ်။ အဲဒီထဲမှာ လူအစုလိုက်သတ်မှု၊ လူသတ်မှု၊ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု၊ အဓမ္မမှု၊ လိင်အကြမ်းဖက်မှုနဲ့ နှိပ်စက်မှုတို့ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ လူ ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက လူပေါင်း ၈၀၀ ဟာ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ဖြစ်ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဓာတ်ပုံတွေအရ သေဆုံးရုပ်အလောင်းတွေမှာ လိင်အကြမ်းဖက်ခံရမှု၊ ခေါင်းဖြတ်ခံရမှုနဲ့ မီးရှို့မှုတွေကို သဲလွန်စတွေကို ပြသနေတယ်လို့ ပြောကြပါတယ်။

နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ ကျွမ်းကျင်သူ စတီဖင် ဝေါ်ကင်ဆန်ကတော့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်ရဲ့လုပ်ရပ်တွေဟာ ''သိပ်ကို ရှင်းလင်းတဲ့ စစ်ရာဇဝတ်မှုမြောက်တာတွေ'' လို့ ပြောပါတယ်။

အဲဒီနေ့မှာပဲ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေအပါအဝင် လူပေါင်း ၂၅၁ ဦးနီးပါး ဓားစာခံအဖြစ် ခေါ်ဆောင်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ အချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဖမ်းထားတဲ့ဓားစာခံတွေထဲက လူပေါင်း ၁၀၀ နီးပါး သေဆုံးပြီလို့ ယူဆခံထားရပါတယ်။ အဲဒီထဲက တစ်ချို့ဟာ သူတို့ကို ဖမ်းထားသူတွေရဲ့ လုပ်ရပ်ကြောင်သေဆုံးခဲ့တယ်လို့ ယူဆခံရပြီး အချို့ကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် သေဆုံးတယ်လို့ မှတ်ယူခံထားရပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံ အချို့က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ခံထားရတဲ့ ဟားမတ်စ်အဖွဲ့ဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုနဲ့ စွပ်စွဲခံထားရပေမဲ့ ဂါဇာဟာ နိုင်ငံတစ်နိုင်ငံ မဟုတ်တာကြောင့် ICJ မှာ တရားစွဲဆိုနိုင်ခြင်းတော့ မရှိပါဘူး။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်အဖွဲ့ ဘာပြောလဲ

ဟားမတ်စ်ကတော့ ICC ရဲ့ စွပ်စွဲချက်တွေဟာ "အခြေအမြစ်မရှိဘူး"လို့ တုံ့ပြန် ထားပါတယ်။ ဟားမတ်စ်အဖွဲ့ အရာရှိတစ်ဦးကတော့ "သက်သေအထောက်အထားတွေက အထင်အမြင်လွှဲမှားမှုနဲ့ အမှားတွေကြီးပဲ။ ပြီးတော့ သိမ်းပိုက်ထားတဲ့နိုင်ငံဘက်ကို မျက်နှာသာပေး ဘက်လိုက်ထားတယ်"လို့ အယ်ဂျာဇီရား သတင်းဌာနမှာ ဖြေကြားထားပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်အနီး၊ ဂါဇာဘက်က ဟားမတ်စ် သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ နိုဗာ တေးဂီတ ဖျော်ဖြေပွဲကို သွားခဲ့သူတစ်ဦးရဲ့ ကားမီးလောင်ပေါက်ကွဲမှုကို အစ္စရေးစစ်သားတွေက စစ်ဆေးနေပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးက နိုဗာဂီတပွဲတော်မှာဖြစ်တဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း မြင်တွေ့ရတဲ့ မီးလောင်ထားတဲ့ ကားတစ်စီး

အခု ဘာဖြစ်နေလဲ

အစ္စရေးက ICC အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးထားတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂက State of Palestine ဆိုပြီး နိုင်ငံတစ်ခုအဖြစ် ရည်ညွှန်းထားတဲ့ ပါလက်စတိုင်းကတော့ အဖွဲ့ဝင် အဖြစ် လက်မှတ်ထိုးထားပါတယ်။ ပြီးတော့ လူမျိုးတုံးလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ ပါလက်စတိုင်းနယ်မြေမှာ ဖြစ်ခဲ့တယ်ဆိုတာကြောင့် ဖမ်းဝရမ်းတွေက အကျုံးဝင်ပါတယ်။

ICC အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားတဲ့ ပြင်သစ်၊ အီတလီနဲ့ ဟန်ဂေရီနိုင်ငံတို့ကတော့ အစ္စရေးဟာ ICC ရဲ့ ဖမ်းဝရမ်းကနေ ကင်းလွတ်ခွင့်ရသင့်တယ်လို့ ပြောထားတာမျိုး ရှိပါတယ်။ အစ္စရေးဟာ ICC ပေါ်ပေါက်တဲ့ ရောမစာချုပ်(Rome Statute) မှာ ပါဝင် လက်မှတ်ရေးထိုးထားတာ မရှိတာကြောင့်ဖြစ်ပါတယ်။

နေတန်ညာဟုအပေါ် ဖမ်းဝရမ်း ထုတ်ခဲ့တဲ့ ICC အပေါ် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကတော့ အမေရိကန်ကို လာတဲ့ ICC အမှုထမ်းတွေကို ခရီးသွားလာခွင့် ပိတ်တာနဲ့ တရားရုံးရဲ့ ဘဏ္ဍာရေး လွှဲပြောင်းမှုတွေကို ပိတ်ပင်တာတွေကို ဥပဒေနဲ့တားမြစ်ဖို့ လုပ်နေပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေ ဥပမာအနေနဲ့ ဆော့ဝဲလ်ကုမ္ပဏီတွေဟာ ICC နဲ့ အလုပ်လုပ်တာမျိုး အဟန့်အတားဖြစ်စေနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ အစ္စရေးဟာ ကုလသမဂ္ဂ ပဋိဉာဥ်မှာ လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်တာကြောင့် အနာဂတ်မှာ ICJ ရဲ့ ဘယ်ဆုံးဖြတ်ချက်တွေကို မဆို လိုက်နာရဖို့ ရှိမှာပါ။ တရားရုံးက ချမှတ်လိုက်တဲ့ ကန့်သတ်ချက် ဒါမှမဟုတ် ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက မလိုက်နာဘူးဆိုရင် လိုက်နာအောင်လုပ်ဆောင်ဖို့ အဲဒီအရေးဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆီ ရောက်ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံထဲမှာ အမေရိကန် ပါဝင်နေတာကြောင့် အဲဒီလို လိုက်နာအောင်လုပ်ဖို့ အရေးကို အမေရိကန်က ဗီတိုအာဏာသုံး နိုင်ပါသေးတယ်။