ဟားမတ်စ် ခေါင်းဆောင် သေဆုံးခဲ့ပေမဲ့ ဂါဇာမှာ စစ်ပွဲဆက်ရှိနေဦးမယ်
ဟားမတ်စ် ခေါင်းဆောင် ယာယာ ဆင်ဝါ သေဆုံးသွားခဲ့ပေမဲ့လည်း ဒါဟာ ဂါဇာ စစ်ပွဲ အဆုံးသတ် မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် နေတန် ညာဟုက ပြောကြားပါတယ်။ အသက် ၆၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဟားမတ်စ် ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို နောက်ကွယ်က စီစဉ်ခဲ့သူလို့ အများက ယုံကြည်ထားကြပါတယ်။ အစ္စရေးရဲ့ မြေပြင် ထိုးစစ်ဆင်မှု တစ်ခုမှာ သူဟာ နောက်ထပ် ဟားမတ်စ် တပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ အတူ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ယာယာ ဆင်ဝါ သေဆုံးကြောင်း ဟားမတ်စ် ဘက်ကလည်း အတည်ပြုပါတယ်။ အစ္စရေး စစ်တပ်က ဟားမတ်စ် ခေါင်းဆောင် ဟုတ်မဟုတ် ဆိုတာ သိနိုင်ဖို့ တဲလ် အဗီ အထိ အလောင်းကို ယူသွားပြီး ဒီအန်န်အေ စစ်ဆေး ခဲ့တာလည်း ဖြစ်ပါတယ်။ ဘီဘီစီ နိုင်ငံတကာ သတင်း အယ်ဒီတာ ဂျရမီ ဘိုဝင် ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။