နှစ် ၅၀ ကျော်ကလွှတ်တင်ခဲ့တဲ့ဆိုဗီယက်ခေတ် အာကာသယာဥ် ကမ္ဘာကို အထိန်းမဲ့ပြန်ကျဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘီဘီစီသတင်း(ရုရှား)
- ရာထူးတာဝန်,
- Twitter,
ဆိုဗီယက်ခေတ်တုန်းက လွှတ်တင်ခဲ့ပြီး တန်ဝက်လောက်အလေးချိန်ရှိတဲ့ ဂြိုဟ်ချင်းသွား အာဏာသယာဥ်တစ်စီးဟာ ကမ္ဘာမြေကို လာမယ့်ရက်ပိုင်းအတွင်း အထိန်းအကွပ်မဲ့ ပြန်လည်ကျဆင်းလာဖို့ရှိပါတယ်။
အခုတော့ အာကာသအမှိုက်ဖြစ်သွားတဲ့ ဒီယာဥ်ဟာ သောကြာဂြိုဟ်(ဗီးနက်စ်)ကို သွားဖို့ ၁၉၇၂ ခုနှစ်တုန်းက လွှတ်တင်ခဲ့တဲ့ Kosmos 482 အာကာသယာဥ်ရဲ့ မြေပြင်ဆင်းသက် အစိတ်အပိုင်းဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပညာချို့ ချို့ယွင်းချက်ဖြစ်ခဲ့ပြီး အဲဒီအပိုင်းဟာ ကမ္ဘာပတ်လမ်းကြောင်းထဲ တဝဲလည်လည် ဆက်ရှိနေခဲ့တာပါ။
ကမ္ဘာကြီးရဲ့ မျက်နှာပြင်ပေါ်ကို ဘယ်အချိန်မှ ကျမယ်ဆိုတာကိုတော့ အချိန်အတိအကျ မသိရသေးပေမဲ့ သိပ္ပံပညာရှင်တွေကတော့ မေလဆန်းပိုင်းမှာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီယာဥ်ဟာ လူနေအရပ်တွေကို ကျလာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ဘီဘီစီ ရုရှားဘာသာစကားဌာနကို ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း၊ အာရှအလယ်ပိုင်းနဲ့ ဥရောပအရှေ့တောင်ဘက်နားက ဧရိယာတွေဟာ အဲဒီအစိတ်အပိုင်း မြေပြင်ကို အရှိန်နဲ့ဝင်တိုက်တာမျိုး ဖြစ်နိုင်ခြေရှိတဲ့နေရာတွေလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
လွှတ်တင်ခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images / Nasa
သောကြာဂြိုဟ်(ဗီးနပ်စ်)အထိရောက်ဖို့ ရည်မှန်းခဲ့တဲ့ ဒီအာဏာသယာဥ်ကို ၃၁ ရက်၊ မတ်လ၊ ၁၉၇၂ ခုနှစ်မှာ Baikonur Cosmodrome ကနေ လွှတ်တင်ခဲ့တာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီယာဥ်ဟာ ဂြိုဟ်တစ်ခုကနေ တစ်ခုကို သွားချိန် ခရီးတထောက်နားရာ အာကာသစခန်းတစ်ခုအတွက် အရန်ဖြစ်ဖို့လည်း ရည်ရွယ်ခဲ့တာပါ။ အဲဒီအာကာသစခန်းရော၊ အခု ပြန်ကျလာဖို့ရှိတဲ့ ယာဥ်ရောဟာ Venera 8 လို့ ခေါ်တဲ့လေ့လာရေးအစီအစဥ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ယာဥ် ၂ ခုစလုံးဟာ ပစ္စည်းတူသလို စွမ်းဆောင်ရည်လည်းတူကြပါတယ်။
ဂြိုဟ်အချင်းချင်းအကြား စူးစမ်းလေ့လာမှုအတွင်း အောင်မြင်မှုအလားအလာတိုးမြှင့်နိုင်ဖို့ ရည်ရွယ်ပြီး ပုံတူပွား လွှတ်တင်ခဲ့တာပါ။
မိုလ်နီယာ အမ် ဒုံးပျံကို အသုံးပြုခဲ့ပါတယ်။ အဲဒီဒုံးပျံဟာ လူလိုက်ပါတဲ့ ဆိုးယုဇ် အာကာသလေ့လာရေးခရီးစဥ်တွေမှာသုံးတဲ့ ဒုံးပျံအမျိုးအစားနဲ့တူပါတယ်။ Kosmos 482 ရဲ့ဒုံးပျံတွေကတော့ လေးလံတဲ့ယာဥ်တွေကို မြင့်မားတဲ့ပတ်လမ်းကြောင်းထဲ လွှတ်တင်တဲ့ အဆင့် ၁ ဆင့် ပိုပါရှိပါတယ်။
Venera 8 ကိုတော့ လေးရက်စောပြီးလွှတ်တင်ခဲ့သလို၊ သူ့ရည်ညွှန်းထားတဲ့နေရာကိုရောက်ရှိခဲ့ပြီး သူရဲ့ဂြိုဟ်အချင်းချင်းကြား စူးစမ်းလေ့လာရေးအစီအစဥ်က လုံးဝ ပြီးပြည့်စုံခဲ့ပါတယ်။
ဒါပေမဲ့ သူရဲ့အရန်အဖြစ် လွှတ်တင်တဲ့အာကာသယာဥ်ကတော့ တင်ဆောင်တဲ့ဒုံးပျံ ချို့ယွင်းခဲ့လို့ ကမ္ဘာ့ပတ်လမ်းကြောင်းအပြင်ကို ရောက်ဖို့လည်း မစွမ်းသာဖြစ်ခဲ့ပါတယ်။
မတော်တဆမှု
ယာဥ်ကို လွှတ်တင်ဖို့ ပထမအဆင့် ၃ ခုဟာ စီစဥ်ထားတဲ့အတိုင်းအလုပ်ဖြစ်ခဲ့ပါတယ်။ ဦးခေါင်းပိုင်းကို ကမ္ဘာ့ပတ်လမ်းအနီးနား ပတ်လမ်းထဲကို ဝင်သွားခဲ့ပါတယ်။
အဲဒီကမှ ဂြိုဟ်အချင်းချင်းကြား အာကာသစခန်းစခန်းသဖွယ်ဖြစ်လာမယ့်ယာဥ်ကို သူ့အတွက် သတ်မှတ်ထားတဲ့ နေရာရောက်အောင် လွှတ်တင်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဒါပေမဲ့ ယာဥ်ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် လမ်းတည့်ပေးမယ့် တွန်းတင်အပိုင်းဟာ ချို့ယွင်းခဲ့တာကြောင့် အာကာသစခန်းသဖွယ်ဖြစ်လာမယ့်အဲဒီယာဥ်ဟာ ကမ္ဘာအထက်က လိုချင်တဲ့ပတ်လမ်းနေရာကို ဝင်ရောက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images / Nasa
အဲဒီဖြစ်ရပ်ဖြစ်အပြီးမှာတော့ ဂြိုဟ်တစ်ခုကနေ တစ်ခုကို ခရီးဆက်ဖို့ ခရီးတစ်ထောက်နားရာ အာကာသစခန်းအဖြစ် ရည်ရွယ်ခဲ့တဲ့ ဒီယာဥ်ဟာ "Kosmos 482" လို့ နာမည်မှည့်ခံရပါတယ်။
၁၉၇၀ ပြည့်နှစ်ကာလတွေမှာ မအောင်မြင်တဲ့ အာကာသလေ့လာရေး လွှတ်တင်မှုတွေကို Kosmos လို့ဆိုပြီး အဲဒီအချိန်တုန်းက ဆိုဗီယက်အစိုးရက နာမည်ပေးပါတယ်။ ပြီးရင်တော့ အဲဒီစကားလုံးနောက်မှာ နံပါတ်ကို တပ်ပါတယ်။
အဲဒီယာဥ်အတွက် ရည်စူးပြီး ဖွင့်ထားတဲ့ နိုင်ငံတကာ အာကာသအေဂျင်စီ(နာဆာ)ရဲ့ အင်တာနက်စာမျက်နှာတစ်ခုမှာတော့ ဒီယာဥ်ဟာ အပိုင်း ၄ ပိုင်း ကွဲထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ ပိုင်းဟာ ကမ္ဘာ့ပတ်လမ်းအောက်ပိုင်းမှာ ဆက်ရှိခဲ့ပြီး ၄၈ နာရီအတွင်းမှာပဲ လေထုထဲ မီးလောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ကျန်အပိုင်းနှစ်ပိုင်းကတော့ ပိုမြင့်တဲ့ကမ္ဘာပတ်လမ်းထဲကို ဝင်သွားခဲ့ပါတယ်။ အဲဒီနှစ်ပိုင်းဟာ ယာဥ် သင်းသက်မှုအပိုင်းတာဝန်ယူတဲ့အပိုင်းနဲ့ ပင်မအင်ဂျင်စက်ကြီးအပိုင်းလို့ မှတ်ယူထားပါတယ်။
"လောင်စာဆီကန်အတွက်သုံးတဲ့တိုက်တေနီယံသတ္တု အပိုင်းအစတွေဟာ နောက်ရက်ပိုင်းအနည်းငယ်မှာ ကမ္ဘာပတ်လမ်းကနေ ချော်ထွက်လာပြီး နယူးဇီလန်နိုင်ငံထဲကို ကျခဲ့တယ်'' လို့ အာကာသလွှတ်တင်မှုတွေကို ဖော်ပြလို့ နာမည်ကျော်တဲ့ Tekhasskiy Vestnik တယ်လီဂရမ်ချန်နယ်က စာရေးသူ ဂျော့ဂျီ ထရစ်ကင်က ဘီဘီစီရုရှားဘာသာစကားဌာနကို ပြောပါတယ်။
"အဲဒီယာဥ်နဲ့ ဒုံးပျံရဲ့ အဆင့် ၄ မှာပါဝင်ပြီး အပိုင်း အယ်လ်လို့ သိကြတဲ့အစိတ်အပိုင်းတွေဟာ ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်ကမ္ဘာပတ်လမ်းထဲမှာ ကျန်နေတယ်"
"အမြင့်ဆုံးနေရာက ကမ္ဘာမြေပြင်ကနေ ကီလိုမီတာ ၉,၈၀၀ ရှိတဲ့တစ်နေရာပါ။ ပြီးတော့ အနိမ့်ဆုံးအမှတ်ကတော့ အကွာအဝေးခန့်မှန်ခြေ ကီလိုမီတာ ၂၁၀ လောက်ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
အဲဒီပုံစံအစိတ်အပိုင်းဟာ ၄၉၅ ကီလိုဂရမ် အလေးချိန်ရှိတယ်လို့ အမေရိကန် အာကာသအေဂျင်စီ(နာဆာ)က ပြောပါတယ်။
ဒဏ်ခံနိုင်အောင် ပုံစံထုတ်ထား
အာကာသယာဥ်တစ်စင်းပဲဖြစ်ဖြစ်၊ အပျက်အစီးတစ်ခုခုပဲဖြစ်ဖြစ် ကမ္ဘာကို ပြန်ကျလာမယ်ဆိုရင် လေထုထဲမှာပဲ ပျက်စီးတာနဲ့ လောင်ကျွမ်းသွားတတ်တာကြောင့် ပြဿနာကြီးကြီးမားမား တစ်ခုတော့ မဟုတ်ပါဘူး။
နောက်ပြီး အဲဒီလိုအပျက်အစီးတစ်ခုခုကို ကမ္ဘာကနေ တွက်ချက် ချိန်ဆ ထိန်းချုပ်ပြီး ပြန်ဆင်းလာစေတယ်ဆိုရင်လည်း ပြဿနာမဟုတ်ပြန်ပါဘူး။
ဥပမာအနေနဲ့ပြောရရင် ကမ္ဘာပတ်လမ်းပေါ်က အာကာသစခန်းဖြစ်တဲ့ Mir ကို ပတ်လမ်းပေါ် ကနေ ပြန်ချပြီး ကမ္ဘာမြေဆီ ဆင်းသက်အောင် လုပ်တဲ့အခါ ပစိဖိတ်သမုဒ္ဒရာထဲကို ကျအောင် ထိန်းခဲ့တာမျိုးပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images / NASA / Newsmakers
ဒါပေမဲ့ Kosmos 482 ကတော့ အထိန်းအချုပ်မဲ့ ကျဆင်းလာမှာပါ။ လုံးဝနီးပါးအစိတ်စိတ်အမြွှာမြွှာဖြစ် ပျက်စီးပြီး လေထုအတွင်းမီးလောင်တာမျိုး ဖြစ်နိုင်ခြေကြောင့် အန္တရာယ်ကြီးပါတယ်။
ဘာကြောင့်လဲဆိုရင် ကျလာမယ့် အာကာသယာဥ် မြေပြင်ဆင်းသက်အပိုင်းဟာ သောကြာဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို ဆင်းသက်ဖို့ တည်ဆောက်ထားတာကြောင့်ဖြစ်ပါတယ်။ သောကြာဂြိုဟ်ရဲ့လေထုဟာ ပိုသိပ်သည်းပြီး အပူချိန်လည်းပိုမြင့်ပါတယ်။
ဒါကြောင့်ပဲ သောကြာဂြိုဟ် လေထုကို ဆင်းမယ့် ဒီအာကာသယာဥ်ကို ကမ္ဘာလေထုထဲ ပြန်ဝင်လာတဲ့အခါ ကျော်ဖြတ်ရမှာထက် ပိုပြင်းထန်တဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ မာအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။
"ကမ္ဘာ့လေထုထဲကို အခုကျဆင်းလာမယ့်အစိတ်အပိုင်းတွေက စလွှတ်လိုက်တုန်းက သောကြာဂြိုဟ်ရဲ့လေထုထဲကို ဝင်တဲ့အခါ ကြမ်းကြမ်းခံနိုင်အောင် တည်ဆောက်ထားတာ။ ဒါကြောင့် အခုဒီအစိတ်အပိုင်းတွေဟာ ကမ္ဘာ့လေထုထဲ ပြန်ကျလာတဲ့အခါ မပျက်စီးဘဲ ကျလာတာမျိုးဖြစ်လာနိုင်တယ်'' လို့ ဂျော့ဂျီ ထရစ်ကင်က ရှင်းပြပါတယ်။
"ဒါပေမယ့်လည်း အဲဒီပစ္စည်းတွေက လုံးဝကို အကောင်းတိုင်းကြီးတော့ ပြန်ကျလာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ လေ့လာချက်တွေ အရဆိုရင် အဲဒီအစိတ်အပိုင်း (ကမ္ဘာ့လေထုကို ပြန်ဝင်လာတဲ့အခါ ဆင်းသက်မှု ပိုညင်သာအောင်ပွင့်မယ့်) လေထီးဟာ ဟိုးတုန်းကတည်းက ပွင့်ထွက် ထားပြီးသားတဲ့။ ဒါက ဘာကို ထောက်ပြလဲဆိုရင် ရှိသင့်ရှိထိုက်တဲ့ဖွဲ့စည်းပုံ ကြံ့ခိုင်မှုက ယွင်းသွားပြီ။ အဲဒါက ဘာကို စကားပြောလဲဆိုရင် ကမ္ဘာ့လေထုထဲကို ပြန်ကျတဲ့အခါမှာ ဘယ်လောက်ခံဦးမလဲဆိုတာ ဖြစ်သွားပြီ''
အာကာသယာဥ်အပျက်အစီး ဘယ်နေရာကို ကျလိမ့်မလဲ
အဲဒီအာကာသယာဥ် လှည့်ပတ်နေပုံ ပတ်လမ်းကြောင်းကို ကြည့်ပြီး တွက်ချက်မှုတွေအရဆိုရင် အဲဒီယာဥ်ဟာ ကုန်းမြေပေါ်ကို ကျနိုင်ခြေပိုများတယ်လို့ ထရစ်ကင်က ပြောပါတယ်။
အထူးသဖြင့် အီဂျစ်၊ ဆီးရီးယား၊ တူရကီနဲ့ အဇာဘိုင်ဂျန်တို့ဟာ ကျနိုင်ခြေရှိတဲ့လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် လူနေအရပ်တွေပေါ် ကျနိုင်ခြေလည်း ပိုများတယ်လို့ သူက ထောက်ပြပါတယ်။
"တကယ်လို့ အဲဒီစိတ်အပိုင်းတွေဟာ လုံးဝကို ပြန်ကျလာပြီး သူရဲ့မြေပြင်ကို တိုက်မိနိုင်တဲ့ အရှိန်ဟာ တစ်နာရီကို ၂၄၂ ကီလိုမီတာနှုန်းရှိတယ်လို့ ဆိုပါစို့။ ဒါဟာ အလေးချိန် ဂရမ်ရာကျော်ရှိတဲ့ ယမ်းထု ပေါက်ကွဲအားလောက်ရှိတဲ့ ကျရောက်ရိုက်ခတ်မှုအားကို ဖြစ်စေလိမ့်မယ်'' လို့ သူက ပြောပါတယ်။
Kosmos 482 ဟာ မေလ ၈ ရက်ကနေ ၁၄ ရက်အတွင်း ကျလာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။