ကမ္ဘာ့ နာမည်အကြီးဆုံး ဓာတ်ပုံ 'နေပမ် မိန်းကလေး' ပုံကို ဘယ်သူရိုက်ခဲ့တာလဲ

South Vietnamese forces follow terrified children, including 9-year-old Kim Phuc, centre, as they run down Route 1 near Trang Bang after an aerial napalm attack on suspected Viet Cong hiding places, 8 June 1972.

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, Napalm Girl - နေပမ် မိန်းကလေးလို့ လူသိများတဲ့ 'စစ်ရဲ့ကြောက်မက်ဖွယ်ရာ' ဓာတ်ပုံနဲ့ နစ်ခ် အုခ် ဟာ ပူလစ်ဇာဆုအပါအဝင် ဆုများစွာ ဆွတ်ခူးခဲ့
  • ရေးသားသူ, ဘွေတူ၊ မီဟန် ထရန်နဲ့ ဘွေဟေ ၊ ဂရေ့စ် ဆွိုင်
  • ရာထူးတာဝန်, ဗီယက်နမ်ဘာသာဌာန၊ ကမ္ဘာတလွှား အစီအစဉ်
  • ရေးသားပေးပို့သည့်နေရာ ဘန်ကောက်

နေပမ် (napalm) မီးလောင်တိုက်သွင်းတဲ့ လက်နက်ရန်ကြောင့် နာကျင်မှုတွေ၊ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ အဝတ်အစားမပါနိုင်တော့တဲ့ မိန်းကလေးတယောက်ဟာ တခြား ကလေးတွေနဲ့ အတူ ပြေးလွှားနေပါတယ်။

ဗီယက်နမ်စစ်ပွဲကို ပြဆိုတဲ့ "နေပမ် မိန်းကလေး - Napalm Girl" ဓာတ်ပုံဟာ ဗီယက်နမ် ဓာတ်ပုံ သတင်းထောက် နစ်ခ်အုခ် (Nick Ut) ကို ကျော်ကြားစေခဲ့သလို ပူလစ်ဇာဆုကိုလည်း သူဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဗီယက်နမ်မှာ မွေးဖွားခဲ့သူတွေထဲ သူက ဒီ သတင်းပညာရပ်ပိုင်းဆိုင်ရာ ကျော်ကြားတဲ့ဆုကို ပထမဆုံး ရသူ ဖြစ်သလို၊ ဗီယက်နမ်ဖွားတွေထဲ ပူလစ်ဇာဆုရတာက အခုအချိန်ထိ သူ တယောက်တည်းသာ ရှိပါတယ်။

"နစ်ခ်အုခ်က အရွေးချယ်ခံလိုက်ရတဲ့သူပါ" လို့ အမည်မဖော်လိုတဲ့ ဗီယက်နမ် ဓာတ်ပုံ သတင်းထောက် တယောက်က ပြောပါတယ်။ 'ဆရာ' လို့ တလေးတစားခေါ်ခံရတဲ့ နစ်ခ်အုခ်ဟာ သူ့ မိခင် နိုင်ငံကို ပြန်ပြန်လာပြီး ဗီယက်နမ်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တွေကို သင်ကြားညွှန်ပြပေးတတ်ပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံထွက်လာပြီး နှစ် ၅၀ အကြာမှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တဲ့ သူက ဘယ်သူလဲ ဆိုတာကို စိန်ခေါ်ထားတဲ့ The Stringer - ပုဒ်စား သတင်းထောက် ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားတခု ထွက်လာပါတယ်။ ဒီကားကို ဇန်နဝါရီတုန်းက ဆူဒန် ရုပ်ရှင် ပွဲတော်မှာ ပထမဆုံး ပြသခဲ့ပါတယ်။

ဒီဓာတ်ပုံကို တကယ်ရိုက်ခဲ့သူက အခုအချိန်မှာ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ငုယင်သန် နဲ (Nguyen Thanh Nghe) လို့ ဒီမှတ်တမ်းတင်ကားက ဆိုလိုက်သလို ဒါက အံ့သြတုန်လှုပ်စရာ စွပ်စွဲချက်လည်း ဖြစ်ပါတယ်။

Nguyen Thanh Nghe is pictured holding a camera resembling a Pentax on the left; Nick Ut, in a helmet, is also seen in video footage

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပန်တက်စ် (Pentax) ကင်မရာ နဲ့ ဆင်တဲ့ ကင်မရာ တခုကို ကိုင်ထားတဲ့ ငုယင်သန်နဲကို ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ပုံတခုမှာ တွေ့ရ (ဝဲဘက်ပုံ)၊ ကျည်ကာ ဝတ်စုံနဲ့ နစ်ခ်အုခ်ကိုလည်း (ညာဘက်က) ဗီဒီယို ထဲမှာ တွေ့ရ

အဲဒီမှတ်တမ်းတင်ကားထွက်လာပြီးနောက်မှာ World Press Photo (WPP) အဖွဲ့က စုံစမ်းစစ်ဆေးရေး စတင်လိုက်ပြီး ဒီဓာတ်ပုံဟာ နစ်ခ်အုခ် ရဲ့ ပုံလို့ သတ်မှတ်ပေးထားတာကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်သလို ဓာတ်ပုံ သတင်းထောက် အသိုင်းအဝိုင်းထဲမှာလည်း အမြင်ကွဲပြားမှုတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။

"သူရဲကောင်းတယောက်၊ အကျော်ဇေယျတယောက်ကို ဖယ်ရှားဖို့ဆိုတာက လုံလောက်တဲ့ သက်သေအချက်အလက်တွေ ရှိမှ ရမယ်" လို့ နောက်ထပ် ဗီယက်နမ် ဓာတ်ပုံ သတင်းထောက် တယောက်က ဘီဘီစီကို ပြောပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ဓာတ်ပုံ တပုံက အဲဒီတုန်းက ဖြစ်ခဲ့တဲ့ သက်ရောက်မှုမျိုးလောက် မရနိုင်ဘူး လို့ သူက ပြောပါတယ်။ "ကျွန်တော်တို့ သိပ်ကို သတိထားဖို့လိုတယ်။ ဒီလို အရေးကြီးလှတဲ့ ဓာတ်ပုံရဲ့ အမွေအနှစ်ကို အငြင်းပွားစရာတွေနဲ့ မဖျက်ဆီးသင့်ဖူး၊ တယောက်နဲ့ တယောက်အကြား နာကျင်စရာတွေလည်း မဖြစ်သင့်ဘူး။"

ဓာတ်ပုံရဲ့ စစ်မှန်မှုကို မေးခွန်းထုတ်ကြတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီဓာတ်ပုံကို ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာကလည်း "သမိုင်းမှတ်တမ်းရဲ့ အစိတ်အပိုင်းမို့" စိတ်လှုပ်ရှားမှုတွေ မြင့်လာကုန်ကြတာပါလို့ မစ်ဇိုရီ တက္ကသိုလ်က ဓာတ်ပုံ သတင်းထောက်ဘာသာရပ် တွဲဖက် ပါမောက္ခ ကိ ဂရန်းဝုဒ်က ပြောပါတယ်။

"အဲဒီစစ်ပွဲက ရှုပ်ထွေးတဲ့ သမိုင်းတွေ ရှိပါတယ်၊ ပြင်းပြတဲ့ စိတ်ခံစားမှုတွေ ဖြစ်စေတုန်းပါ။ ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး အမေးထုတ်တာတခုကနေ တခြားခံစားမှုတွေကိုပြန်နှိုးဆွလိုက်တာမျိုး ဖြစ်သွားတတ်ပါတယ်" လို့ သူက ပြောပါတယ်။

Video footage shows a blurry figure - believed to be Ut - was some distance away shortly after "Napalm Girl" was taken

ဓာတ်ပုံ ရင်းမြစ်, Getty Images/World Press Photo

ဓာတ်ပုံ ပုံစာ, "နေပမ် မိန်းကလေး" ပုံကို ရိုက်ပြီးချိန်မှာ လူ တစုကို တွေ့ရ - ဗီဒီယိုထဲက မှုန်ဝါးဝါးလူပုံတခုက အုခ်လို့ ယူဆနိုင်

ဒီ ဓာတ်ပုံ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၇၂ ဇွန်လ ၈ရက်မှာ တောင်ဗီယက်နမ် လေတပ်က နေပမ် မီးလောင်ဗုံးတွေနဲ့ တရန် ဘန်း (Trang Bang) ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီ အထင်ကရ ဓာတ်ပုံကို ရိုက်ယူခဲ့ကြတာပါ။ ဒီပုံထဲက အဓိက ဇာတ်ရုပ် ကင်မ် ဖုခ် (Kim Phuc) က သူ့ မောင်နှမတွေ၊ ဝမ်းကွဲ ဆွေမျိုးကလေးငယ်တွေနဲ့ ဘုရားကျောင်းဝင်းတခုထဲမှာ ကစားနေကြတာပါ။

အုခ်က အဲဒီအချိန်ကာလက အေပီ သတင်းဌာနအတွက် အလုပ်လုပ်နေတာပါ။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ရွာသူရွာသားတွေက နီးစပ်ရာ အဝေးပြေးလမ်းမပေါ်မှာ ပြေးနေကြတယ်လို့ သူက ပြောပါတယ်။ သေလုမျောပါးဖြစ်နေပြီဖြစ်တဲ့ ကလေးတယောက်ကို ပွေ့ချီထားတဲ့ အဖွားအို တယောက်ရဲ့ ပုံကို ရိုက်ပြီးတဲ့နောက် သူဟာ လက်တွေ မြှောက်ပြီး ပြေးလာတဲ့ ဖုခ် ကို လှမ်းမြင်လိုက်ရတယ်လို့ ဆိုပါတယ်။

သူ့ ဘက်ကိုသွားပြီး ဓာတ်ပုံတွေ ရိုက်တယ်၊ သူ့ အရေပြားတွေ ကွာကျနေတာကို အနီးကပ်တွေ့လိုက်ရတယ်လို့ အုခ်က ပြောပါတယ်။ နောက်သူက ကလေးမကိုယ်ပေါ်ကို ရေတွေ လောင်းချပေးပြီး ကလေးကို ဆေးရုံကို ကားနဲ့ ခေါ်တင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေ မပေါ်ခင်က အလွတ်တန်းသတင်းထောက်တွေ အပါအဝင် ဓာတ်ပုံသမားတွေဟာ သူတို့ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖလင်တွေကို ရုံးမှာ အပ်ခဲ့ကြရပါတယ်။

ဓာတ်ပုံကူးတဲ့ အမှောင်ခန်း အယ်ဒီတာက ဖလင်တွေကို အမည်နဲ့ တကွသိမ်းပြီး ဖလင်တွေကို ဆေးတာ ပရင့်ထုတ်တာတွေလုပ်ပါတယ်။ ဓာတ်ပုံ အယ်ဒီတာချုပ်က ဘယ်ပုံကို ရုံးချုပ်ကို ပို့မလဲဆိုတာကို ရွေးချယ် ဆုံးဖြတ်ပါတယ်။

"ကျွန်တော်ရုံးကို ပြန်ရောက်တော့ ကျွန်တော်က 'ကျွန်တော် သိပ်ကောင်းတဲ့ ဓာတ်ပုံ တပုံရခဲ့တယ်' လို့ အော်ဟစ် ခဲ့ပါတယ်။ အားလုံးက ကျွန်တော့်ကို ကြည့်ကြတယ် " လို့ ဇန်နဝါရီလတွင်းမှာ အုခ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အမှောင်ခန်း အယ်ဒီတာ ယူအီချီ ဂျက်ဆင် အီရှီဇာကီပဲ ဓာတ်ပုံရုံးခန်း စားပွဲမှာ ရှိတယ်။ အီရှီဇာကီက ဒီဖလင်လိပ်ကို အုခ်ရဲ့ အမည်တပ်လိုက်ပြီး နောက်ပိုင်းမှာ ဓာတ်ပုံကို ရုံးခန်းမကြီးထဲ ယူလာခဲ့ပါတယ်။

"ဒီဓာတ်ပုံကို လူတိုင်းတွေ့ပါတယ်၊ တယောက်ယောက်က ကျွန်တော်တို့ အရာရှိ ဓာတ်ပုံ သတင်းထောက်ချုပ် ဟော့စ် ဖာ့စ်ကို နေ့လယ်စာ စားနေရာကနေ အမြန်ပြန်လာဖို့ သွားပြောခဲ့ပါတယ်" လို့ အုခ်က ပြောပါတယ်။

အုခ် ရဲ့ အဆိုအရ ဖာ့စ်က ဓာတ်ပုံ အယ်ဒီတာ ကားလ် ရော်ဘင်ဆန် မရောက်လာခင် ရောက်လာခဲ့တာဖြစ်ပြီး နောက်တော့ ဒီဓာတ်ပုံကို ရုံးချုပ်ကို ပို့သင့် မသင့် အဲဒီ ၂ ယောက် အငြင်းပွားခဲ့ကြတယ်လို့ သိရပါတယ်။

ရော်ဘင်ဆန်က ဓာတ်ပုံတွေအောက်မှာ စာသားရေး ရသူဖြစ်ပြီး ဒီပုံမှာ ကလေးက အဝတ် အစား မပါလို့ အများသူငှာ ကြည့်ဖို့ မသင့်တော်ဘူး မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ အမြင်ကို တခြားသူတွေရဲ့ အမြင်က အနိုင်ယူခဲ့ပါတယ်။

Nguyen Thanh Nghe with Carl Robinson at the premiere of The Stringer on January 25, 2025, in Utah, USA

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Stringer မှတ်တမ်းတင် ရုပ်ရှင် ပြပွဲမှာ ငုယင်သန်နဲ နဲ့ ကားလ် ရော်ဘင်ဆန်တို့ကို အတူတွေ့ရ

ဒါပေမဲ့ ရော်ဘင်ဆန်က လုံးဝ ကွဲလွဲတဲ့ ဇာတ်လမ်းကို ဘီဘီစီကို ပြောပြပါတယ်။

သူက နေ့လယ်စာ စားပြီးတဲ့နောက် အီရှီဇာကီနဲ့ နည်းပညာဆိုင်ရာ အကူတယောက်တို့ကိုသာ အမှောင်ခန်းထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရော်ဘင်ဆန်ရဲ့ အဆိုအရ ဖလင်က ဆေးထားပြီးဖြစ်ပြီး ပြန်ဆန်းစစ်ကြည့်ဖို့ ပြင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ မြင်ကွင်းတခုတည်းကို ရှုထောင့် ၂ ခု က ရိုက်ထားတာပါ။ တခုက ဘေးဘက်က ဖြစ်ပြီး တခုက တည့်တည့်နေရာက ရိုက်ထားတာပါ။ ဒီပုံတွေကို ဓာတ်ပုံ သမား ၂ ယောက်က ရိုက်ထားတဲ့ ဖလင် ၂ လိပ်ကနေ ယူထားတာပါ။

ရော်ဘင်ဆန်က သိပ်မရင်းနှီးတဲ့ နာမည်တခုကိုလည်း မှတ်တမ်း စာအုပ်ထဲမှာတွေ့ပါတယ်၊ အေပီအတွက် အလွတ်တန်း သတင်းထောက်တွေက အချိန်ပြည့် အလုပ်လုပ်ပေးတာ မဟုတ်ပါဘူး။

"ကျွန်တော်တို့ ဆီမှာ ဗီယက်နမ် အလွတ်တန်း သတင်းထောက်တွေ ရှိပါတယ်။ သူတို့က ဝင်ငွေရှာကြတဲ့ အရပ်သားတွေ၊ ဒါမှမဟုတ် စစ်သားတွေပါ" လို့ သူက ပြောပါတယ်။

ဖာ့စ်က နောက်တော့ ပြန်ရောက်လာတယ်၊ သူတို့ ၂ ယောက်အကြား ဓာတ်ပုံကို ရုံးချုပ်ကို ပို့မယ် မပို့ဘူး ဆိုတာကို အငြင်းမပွားခဲ့ကြပါဘူးလို့ ရော်ဘင်ဆန်က ပြောပါတယ်။ဒါပေမဲ့ ဓာတ်ပုံကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်အတွင်း အုခ် တယောက် မရှိခဲ့ပါဘူးလို့ သူက အခိုင်အမာ ပြောပါတယ်။ "အခန်းပြင်မှာတောင် သူ ရှိ မနေပါဘူး။"

ရော်ဘင်ဆန်က ဓာတ်ပုံ စာသားရေးနေတဲ့အချိန်မှာ ဖာ့စ်က သူ့နားကို တိုးလာပြီး ဓာတ်ပုံရိုက်သူ အဖြစ် အေပီ ဓာတ်ပုံသမား ဖြစ်တဲ့ အုခ်လို့ ရေးဖို့ ကပ်ပြီးပြောတယ်လို့ ဆိုပါတယ်။

"ကျွန်တော် သူ့ကို ပြန်ငြင်းဖို့ သတ္တိမရှိခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့် ဗီယက်နမ် ဇနီးသည်ရယ်၊ ကျွန်တော်တို့ ကလေး ၂ ယောက်ရယ်နဲ့ အတူ ကျွန်တော် ဆိုင်းဂုံမှာပဲ ဆက်နေချင်လို့ပါ။"

ဖာ့စ်နဲ့ အီရှီဇာကီ တို့ ၂ ယောက်လုံး ကွယ်လွန်ခဲ့ကြပါပြီ။

Nick Ut (R), flanked by Kim Phuc, known as the "Napalm Girl", shows his Vietnam war iconic photo as they wait to meet Pope Francis at the end of his weekly general audience in St. Peter's Square, Vatican City, Vatican on 11 May 2022

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "နေပမ် မိန်းကလေး - Napalm Girl" ဓာတ်ပုံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် နစ်ခ်အုခ် နဲ့ ကင်မ် ဖုခ်တို့ဟာ ၂၀၂၂ က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံခဲ့ကြ

ရော်ဘင်ဆန်ဟာ အမှန်ကို ဖုံးကွယ်ခဲ့ရလို့ ခံစားရတဲ့ စိတ်မသက်မသာဖြစ်မှုကို ဆယ်စုနှစ်တွေနဲ့ ချီ သယ်ပိုးလာခဲ့ရပါတယ်။ သူက ဒီပုံကို တကယ်ရိုက်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက်ကို တောင်းပန်ချင်ပါတယ်၊ ဒါပေမဲ့ ရော်ဘင်ဆန် တယောက် သူ့နာမည်ကို မမှတ်မိတော့ပါဘူး။

၂၀၁၅ မှာ အေပီက အရင် လုပ်ဖော်ကိုင်ဖက်ဟောင်း တယောက်နဲ့တွေ့ပြီး ငွင်သန်နဲရဲ့ အမည်ကို ပြန်ဖော်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူ ဘယ်ရောက်နေပြီလဲဆိုတာကို မသိနိုင်ခဲ့ပါဘူး။

နောက် ၇ နှစ် အကြာမှာ အုခ် နဲ့ ကင်မ်တို့ ဒီဓာတ်ပုံရဲ့ အနှစ် ၅၀ မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပုပ် ဖရန်စစ်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ရော်ဘင်ဆန်က "တစိမ့်စိမ့်တွေးပြီး ဒါတွေအားလုံးကို ကျွန်တော် ရင်ဆိုင်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ လျစ်လျူရှုထားဖို့၊ မေ့ပစ်လိုက်ဖို့ မလုပ်နိုင်တော့ဘူး။" လို့ ပြောပါတယ်။

ရော်ဘင်ဆန်က သူ့ မိတ်ဆွေ ဓာတ်ပုံသတင်းထောက် ဂယ်ရီ နိုက်ကို အင်တာဗျူးဖြေဖို့ သဘောတူလိုက်ပြီး The Stringer မှတ်တမ်းတင် ရုပ်ရှင် ထွက်ဖို့ ဖြစ်လာပါတော့တယ်။

သိပ်မကြာခင်ပဲ မှတ်တမ်းတင်ရုပ်ရှင်ရိုက် အဖွဲ့သားတွေက နဲကို ရှာတွေ့နိုင်ခဲ့ပါတယ်။ နဲက ဆိုင်းဂုံကျသွားပြီးတဲ့နောက် အမေရိကန်ကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းဝင်ရောက်လာခဲ့ပြီး ၂၀၀၂ မှာတော့ မိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

"ကျွန်တော် ဆွံ့အသွားမိတယ်၊ ဘာမှ ပြန်မဖြေနိုင်ခဲ့ဘူး၊ ကြောင့်ကြစိုးရိမ်သွားသလို ရင်ထဲမှာလည်း နာကျင်မိတယ်" လို့ နဲ ကပြောပါတယ်။ "အမှန်တရားထက် ဘာကမှ ပိုပြီး အရေးမပါပါဘူး။"

စုံစမ်းစစ်ဆေးမှု

မှတ်တမ်းတင်ရုပ်ရှင်အကြောင်း သိလာပြီးတဲ့နောက် အေပီ သတင်းဌာနကိုယ်တိုင်က ရနိုင်သမျှ ဗီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ အသက်ရှင်နေဆဲ ဖြစ်တဲ့ သက်သေတွေကို စုံစမ်းသလို အုခ်ရဲ့ ကင်မရာတွေကိုလည်း ပြန်စစ်ဆေးခဲ့ပါတယ်။

ဇန်နဝါရီနဲ့ မေလတို့မှာ သူတို့ အစီရင်ခံစာ ၂ စောင်ထုတ်ပြန်ပြီး အုခ်ရဲ့ ဓာတ်ပုံ မဟုတ်ကြောင်း ချေဖျက်နိုင်တဲ့ "ခိုင်ခိုင်မာမာ အထောက်အထား" မတွေ့ရပါဘူးလို့ နိဂုံးချုပ် ထားခဲ့ပါတယ်။ သိုပေမဲ့လည်း အေပီဟာ ဒီအရေးနဲ့ ပတ်သက်ပြီး "အရေးကြီးတဲ့ မေးခွန်းတွေ" ထွက်ပေါ်နေပြီဆိုတာကို အသိအမှတ်ပြုထားပါတယ်။

ဒီဓာတ်ပုံဟာ ပန်တက်စ် (Pentax) ကင်မရာနဲ့ ရိုက်ထားတဲ့ပုံ "ဖြစ်နိုင်ခြေရှိကြောင်း" အေပီက ပြောပါတယ်။ ဒီအချက်ဟာ အုခ် ရဲ့ ဇာတ်လမ်းတွေနဲ့ ကွဲလွဲနေပါတယ်။ အုခ်က သူ့မှာ ကင်မရာ ၄ လုံး ရှိပြီး - ၂ လုံးက လိုင်ကာ (Leicas) ဖြစ်ကာ ကျန် ၂ လုံးက နီကွန် (Nikons) ကင်မရာတွေ ဖြစ်ကြောင်း အရင်ကတည်းက ပြောထားပါတယ်။

အေပီက မေးတဲ့အါ အုခ်က သူ့အနေနဲ့ ကင်မရာ မော်ဒယ်တွေကို သိပ်မမှတ်မိတော့ပေမဲ့ ဖာ့စ်က သူ့ကို ပြောတာကတော့ ပုံက လိုင်ကာ ကင်မရာထဲက ဖလင်လိပ်ကနေ ရတာလို့ ဆိုပါတယ်။

အဲဒီပုံရတဲ့ နေ့က နဲဟာ ပန်တက်စ် ကင်မရာနဲ့ တူတဲ့ ကင်မရာတလုံးကို ကိုင်ထားတာကို တခြား အဲဒီနေ့ကဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

ရှိနေတဲ့ ဗီဒီယိုကလစ်တွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တု ဓာတ်ပုံတွေကို အခြေခံပြီး မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ အေပီတို့ ၂ ခုစလုံးက ဖြစ်စဉ် အချိန်ဇယားကို တည်ဆောက်ခဲ့ကြပါတယ်။

"နေပမ် မိန်းကလေး " ဓာတ်ပုံကို ရိုက်ပြီးချိန် နောက်ပိုင်းလေးမှာ ရိုက်ထားတဲ့ ဗီဒီယိုတိတ်ခွေထဲမှာ မှုန်ဝါးဝါး လူပုံရိပ်တခုပါပြီး အဲဒါက အုခ်လို့ မှတ်ယူနိုင်ပါတယ်၊ အဲဒါကိုကြည့်ရင် သူက ကလေးတွေနဲ့ အတော်ဝေးတဲ့နေရာမှာ ရှိပါတယ်။ အုခ်ဟာ ဗီဒီယိုကင်မရာနဲ့ ၆၀ မီတာ အကွာမှာ ရှိတယ်၊ တကယ်လို့ သူသာ ဒီပုံကို ရိုက်ရင် ပြေးလာပြီး ရိုက်မှသာ ဖြစ်နိုင်မယ်လို့ မှတ်တမ်းတင် ရုပ်ရှင်က သုံးသပ်ထားပါတယ်။

အေပီကတော့ အကွာအဝေး အပေါ် ငြင်းချက်ထုတ်ထားပြီး ဒီအကွာအဝေးက ၂၈.၈ မီတာကနေ ၄၈ မီတာ ကွာဝေးနိုင်တယ်လို့ ဆိုပါတယ်။အကွာအဝေး တွက်ချက်တာက အမျိုးမျိုးဖြစ်နိုင်သလို၊ မှတ်တမ်းတင် ရုပ်ရှင်အနေနဲ့ တခြား ဗီဒီယိုတိတ်ခွေတွေကို လျစ်လျူရှုထားတယ်၊ သူတို့ စုံစမ်းစစ်ဆေးဖို့အတွက် ပုံ ၂ ခုကို ကြည့်ခွင့်မရခဲ့ဘူးလို့ လည်း အေပီက ငြင်းခုံထားပါတယ်။

အခု ဘာတွေ ဆက်ဖြစ်နေလဲ

အေပီရော WPP ရောက ဓာတ်ပုံသတင်းထောက်ဟာ ဘယ်သူဘယ်ဝါ ဆိုတာကို အတိအကျ ပြောနိုင်ပြီလို့ သူတို့ မဆိုကြပါဘူး။ WPP ကဆိုရင် သူတို့ ၂ ယောက် မဟုတ်ဘဲ နောက် တတိယ ဓာတ်ပုံ သတင်းထောက်တောင် ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေအပေါ် ကောက်ချက်ဆွဲထားတဲ့ ဒီမှတ်တမ်းတင်ရုပ်ရှင်နဲ့ ပတ်သက်လို့လည်း မေးခွန်းတွေ ရှိပါတယ်။ အဲဒီအဖြစ် ဖြစ်ပျက်နေချိန် ဗီဒီယိုမြင်ကွင်းထဲမှာ ပါတဲ့ သတင်းထောက်အများအပြားက မှတ်တမ်းတင်ရုပ်ရှင်ထဲက ဖြစ်စဉ်သုံးသပ်ချက်တွေကို အခြေအမြစ်မရှိဘူးလို့ ဆိုကာ အဲဒီ မှတ်တမ်းတင်ကား ထဲမှာ စကားပြောဖို့အတွက် ငြင်းဆိုခဲ့ကြပါတယ်။

နဲ ဆီမှာ သူ့ရဲ့ ဓာတ်ပုံအဖြစ် ကူးပေးထားတဲ့ ဓာတ်ပုံကရော။ ဖာ့စ်က သူ့ကို ပုံတပုံပေးတယ်၊ ဒါကို သူ့ဇနီးက စိတ်ပျက်မှုနဲ့အတူ ဆုတ်ဖြဲခဲ့ပြီးပြီလို့ နဲက ပြောပါတယ်။

အုခ်က သူသာ ဒီဓာတ်ပုံကို ရိုက်ခဲ့သူလို့ ဆက်ပြီး အတည်ပြုပြောနေပါတယ်၊ အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ သူ စီစဉ်နေပါတယ်။

"လူတွေက ဒီဓာတ်ပုံနောက်ကွယ်က တကယ့် အမှန်ကို သိချင်ကြတာပါ" လို့ ဟိုးအပေါ်မှာ ပထမဆုံး စပြောခဲ့တဲ့ အမည်မဖော်လိုသူ ဗီယက်နမ် ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။ "တကယ်ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ သိနိုင်ဖို့ အချိန်တွေလည်း ထပ်လိုသလို နောက်ထပ် အထောက်အထားတွေလည်း ထပ်လိုနေပါတယ်။"

"နေပမ် မိန်းကလေး " က စွမ်းအားကြီးတယ်ဆိုတာ ဆယ်စုနှစ်တွေ များစွာ ကြာပြီးတဲ့နောက် အခုအချိန်အထိ ငြင်းသူမရှိ လက်ခံထားကြဆဲပါ၊ ဒါပေမဲ့ ဆန်းပြားတဲ့ သူ့အတိတ်တွေထဲ သူ့ ဇစ်မြစ်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေက တိုးဝင်လို့လာနေပါတယ်။