ဂါဇာအပစ်ရပ်ရေး ဆွေးနွေးမှု အဖြေမရသေး

ဗီဒီယို ပုံစာ, ဂါဇာအပစ်ရပ်ရေး ဆွေးနွေးကြရာမှာ ရှေ့မတိုး နောက်မဆုတ်နဲ့ အဖြေမရကြသေး
ဂါဇာအပစ်ရပ်ရေး ဆွေးနွေးမှု အဖြေမရသေး

အီဂျစ်က ကိုင်ရိုမြို့တော်မှာ အမေရိကန်နဲ့ ကာတာက ကိုယ်စားလှယ်တွေနဲ့ ဟားမတ်စ်အဖွဲ့က ကိုယ်စားလှယ်တွေ အကြား အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေးနေကြပါတယ်။ ဂါဇာတောင်ပိုင်းက ရာဖာမှာတော့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အစ္စရေးက ဒီဂါဇာထဲမှာ ဖမ်းထားတဲ့ ဓားစာခံတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် မသိရသရွေ့ဒီဆွေးနွေးပွဲကို တက်မှာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဟားမတ်စ်က အစ္စရေးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံပေါင်း ၂၅၃ ယောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။ ဟားမတ်စ်ရဲ့ ပြောရေးဆိုခွင့် ရှိသူက အစ္စရေးဘက်က ဆက်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် သူတို့ ဖမ်းထားတဲ့ ဓားစာခံ စာရင်းကို အပြည့်အစုံ မပေးထားဘူးလို့ ပြောပါတယ်။

အစ္စရေးက အဲဒီမှာ ကျန်နေဆဲ ဓားစာခံ ၁၃၀ ထဲမှာ ဘယ်နှစ်ယောက် အသက်ရှင်နေသေးသလဲ ဆိုတာ သိရမှသာ အခုလုပ်နေတဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးမယ်လို့ ပြောထားပါတယ်။ ဘီဘီစီ သတင်းထောက် အိုလာ ဂါရင် တဲလဗစ်က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။