ရန်ကုန်ကနေ တပ်မတော်နေ့အခမ်းအနားကိုလာတက်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတ်လ ၂၈ ရက်ကလှုပ်တဲ့ အင်အားပြင်းငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ မိသားစုဟာ ထိတ်လန့်ခဲ့ပြီး အဆောက်အအုံထဲကိုတောင် မဝင်ရဲတော့ဘဲ စစ်ရုံးပရဝုဏ်အတွင်းမှာ နာရီအတန်ကြာ နေခဲ့ရတယ်လို့ စစ်ရုံးထဲက ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီနောက် အထူးလေယာဉ်နဲ့ ရန်ကုန်ကိုပြန်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း စစ်ရုံးမှာရှိနေခဲ့ပါတယ်။ သူငလျင်ဒဏ်ခံခဲ့ရတဲ့အတွေ့အကြုံကို ဧပြီ ၁ ရက်တုန်းက နေပြည်တော်မှာလုပ်တဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် အလှူငွေပေးအပ်ပွဲမှာ ပြန်ပြောပြခဲ့ပါတယ်။
‘‘တဖြည်းဖြည်းနဲ့ပိုလှုပ်လာချိန်မှာ ကျွန်တော်လည်း လုံခြုံမှုရအောင် နေရာယူထားရတာပေါ့’’ 1j5j18
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် h402
အဲဒီနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူ့ရဲ့ လုံခြုံရေးအဖွဲ့က အပြင်ခေါ်ထုတ် သွားခဲ့ပါတယ်။
အဆောက်အဦထဲမှာ မနေစေတော့ဘဲ အပြင်မှာနေဖို့ပဲ လုံခြုံရေးအဖွဲ့က အကြံပြုခဲ့လို့ တစ်နာရီကျော်အောင် အပြင်မှာနေခဲ့ရတယ်လို့ သူကပြောပါတယ်။
နေပြည်တော်ကို တည်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် တပ်အကြီးအကဲဟောင်းတွေနေထိုင်တဲ့ ခြောက်လုံးတန်းလည်း ငလျင်ဒဏ်သင့်ခဲ့ပေမဲ့ လူအထိအခိုက်မရှိဘူး လို့ နီးစပ်သူတွေက ပြောပါတယ်။
ရာဇသင်္ဂဟအဝိုင်းအနီးမှာရှိတဲ့ ခြောက်လုံးတန်းမှာ အငြိမ်းစား စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့ နေထိုင်ကြပါတယ်။