မြောက်ကိုရီးယားတချို့ ယူကရိန်းမှာ ရုရှားကို ဘာကြောင့် သွားတိုက်ချင်တာလဲ

အနွေးအင်္ကျီပြာ၊ ဦးထုပ်မီးခိုးရောင်နဲ့လူက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းပုံတွေကို ပြတင်းပေါက်က ကြည့်

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/Shutterstock

  • ရေးသားသူ, ယူနာကူး နဲ့ ရစ်ချတ်ကင်
  • ရာထူးတာဝန်, ဘီဘီစီ ကိုရီးယား

ယူကရိန်းရှေ့တန်းကို သွားပြီး အဲဒီမှာ တပ်ချထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ဘက်ပြောင်းအောင် ကူညီပေးဖို့ တောင်ကိုရီးယား အခြေစိုက် မြောက်ကိုရီးယားက ထွက်ပြေးလာသူတစုက နှိုးဆော်နေပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဖွဲ့စည်းပုံနဲ့ သဘောထားအကြောင်း သူတို့သိရှိချက်တွေကြောင့် ဒီစစ်သားတွေကို ဘက်ပြောင်းအောင် စည်းရုံးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒီစစ်သားတွေကို ဂုဏ်ရောင်ပြောင်တယ်ဆိုပြီး အသေခံတိုက်ဖို့ သိမ်းသွင်းထားတယ်လို့ သူတို့က ယူဆပါတယ်။

ယူကရိန်းမှာ တိုက်ဖို့ ရုရှားကို မြောက်ကိုရီးယား စစ်သား တသောင်းလောက် ပို့ထားတယ်လို့ သိရပြီး ဒီသတင်းကြောင့် တောင်ကိုရီးယားရောက် မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကြား မျက်ခုံးလှုပ်စရာ ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက နိုင်ငံအတွက် ငွေရအောင်နဲ့ စစ်နည်းပညာပိုင်း တိုးတက်လာအောင် စစ်သားတွေ လွှတ်တာလို့ မြင်ကြသူ များပါတယ်။ အဲဒီကို ရောက်တဲ့ မြောက်ကိုရီးယား စစ်သားတိုင်း တလ ဒေါ်လာ နှစ်ထောင် ရမယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ခန့်မှန်းပါတယ်။

၁၉၇၀ ကျော် ဗီယက်နမ်စစ်ပွဲကာလက မြောက်ကိုရီးယားတပ်တွေကို စေလွှတ်တာ ရှိခဲ့ပေမယ့် အခု ယူကရိန်းစစ်မှာ ပါတယ်ဆိုတဲ့ ကိစ္စကတော့ ခေတ်သစ် စစ်ပွဲတွေမှာ မြောက်ကိုရီးယားရဲ့ ပထမဆုံး ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။

၁၉၅၃ မှာ ကိုရီးယားစစ် ပြီးသွားပေမယ့်လည်း တရားဝင် ပြီးဆုံးခြင်း မရှိသေးဘဲ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ ဆက်ဆံရေး အဆင်မပြေ ရှိနေပါတယ်။

ကိုရီးယား ကျွန်းဆွယ် နှစ်ခြမ်းကွဲပြီး နောက်ပိုင်း နှစ် ၇ဝ ကျော် အတွင်း မြောက်ကိုရီးယား ၃၄,၀၀၀ လောက် တောင်ကိုရီးယားဘက်ကို ထွက်ပြေးခဲ့ပါတယ်။

အရေးယူဖို့ တောင်းဆို

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြောက်ကိုရီးယားအစိုးရရဲ့ လူမဆန်တဲ့ အမူအကျင့်တွေကို ရှုတ်ချကြောင်း မြောက်ကိုရီးယား ခရစ်ယာန် စစ်သားအသင်းနဲ့ မြောက်ကိုရီးယားက ထွက်ပြေးသူများ ဝါရင့်တပ် ဆိုတဲ့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေ ဦးဆောင်တဲ့ အုပ်စု နှစ်စုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သူတို့ကို ယူကရိန်းကို သွားခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။

ပြည်သူတွေရဲ့ သားကောင်းတွေကို အမြောက်စာဖြစ်အောင် ပို့ပြီး ကင်ဂျုံအွန်းအစိုးရ အုပ်ချုပ်ရေး တည်မြဲဖို့ ငွေရှာတာနဲ့ စစ်လက်နက်ပစ္စည်း ခေတ်မီအောင် လုပ်နေတာကို အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ ယူကရိန်းကို သွားဖို့ အရေးတကြီး လိုတယ်လို့ မြောက်ကိုရီးယား စစ်အရာရှိဟောင်းနဲ့ ခရစ်ယာန်စစ်သားအသင်း ခေါင်းဆောင် ဆင်မ်ဂျူအီးလ်က ယူဆပါတယ်။

''မြောက်ကိုရီးယား စစ်သားတွေကို သေတာ မြတ်တယ် ဆိုတဲ့ စိတ် ဝင်လာအောင် ရိုက်သွင်းပေးထားတာကို သိနားလည်လာအောင် လုပ်ရမယ်'' လို့ သူက ပြောပါတယ်။

''ကျွန်တော် ရှေ့တန်းကို သွားရင် မြောက်ကိုရီးယား စစ်သားတွေဆီက ကျည်ဆန်တွေ ၊ သေနတ်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ စစ်ရဲ့ အမှန်တရားကို သူတို့ သိအောင် ပညာပေးချင်တယ်'' လို့လည်း ဆိုပါတယ်။

နည်းဗျူဟာများ

အင်္ကျီချွတ်နဲ့ လယ်ကွင်းထဲ လေ့ကျင့်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကင်ဂျုံအွန်း စစ်ဆေးနေချိန်မှာ စစ်ရေးလေ့ကျင့်နေတဲ့ အထူးတပ်တွေ၊ စက်တင်ဘာ ၁၁ ရက်က မြောက်ကိုရီးယား ရုပ်သံမှာ ပြတဲ့ ဓာတ်ပုံ

မြောက်ကိုရီးယား စစ်သားတွေဆီကို ရောက်ဖို့ ဒရုန်းသုံးပြီး စာရွက်တွေ ကြဲချတာ၊ အသံချဲ့စက်နဲ့ အသံလွှင့် ပြောဆိုတာ၊ လူမှုကွန်ရက်က လှုပ်ရှားတာ စတဲ့ စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းတွေကို ဒီထွက်ပြေးလာတဲ့ အုပ်စုတွေက အဆိုပြုကြပါတယ်။

မြောက်ကိုရီးယားက ထွက်ပြေးသူများ ဝါရင့်တပ်ရဲ့ ခေါင်းဆောင်နဲ့ မြေက်ကိုရီးယား လေ့လာရေး ကမ္ဘာ့သိပ္ပံက ညွှန်ကြားရေးမှူး ဒေါက်တာ အန်းချန်အီးလ်ဟာ တခါတုန်းက မြောက်ကိုရီးယား အရပ်သား ကာကွယ်ရေးတပ်မှာ တာဝန်ထမ်းခဲ့ပါတယ်။ ယူကရိန်းစစ်မှာ မြောက်ကိုရီးယား အထူးတပ်ဖွဲ့တွေ ပါလာမှာကို သူက အထူးစိုးရိမ်ပါတယ်။ ဒီထဲမှာ မုန်တိုင်းတပ်ဖွဲ့လို ထိုးဖောက်ဝင်ရောက်တာ၊ အခြေခံအဆောက်အအုံတွေ ဖျက်ဆီးတာနဲ့ လုပ်ကြံသတ်ဖြတ်တာတွေမှာ လေ့ကျင့်ထားတဲ့ နာမည်ဆိုးနဲ့ တပ်မျိုး ပါလာမှာကို စိတ်ပူတာပါ။

ယူကရိန်းရောက် မြောက်ကိုရီးယားတပ်တွေကို ဘက်ပြောင်းလာအောင် ရည်ရွယ်တဲ့ အဖွဲ့တဖွဲ့ကို မြောက်ကိုရီးယားက အရင်ထွက်ပြေးလာသူတချို့က စဖွဲ့နေပြီဆိုတဲ့ သတင်းတွေ ရပါတယ်။ ယူကရိန်းတပ်တွေဆီကို စာရွက်စာတမ်းနဲ့ အသံဖိုင်တွေ ပို့ပြီး မြောက်ကိုရီးယား စစ်သားတွေ ရှေ့တန်းက ထွက်ပြေးနိုင်အောင် လမ်းညွှန်တဲ့ နည်းကိုလည်း သူတို့ သုံးပါတယ်။

စိန်ခေါ်မှုများ

ဒီအစီအစဉ်တွေ ဖြစ်မြောက်ဖို့အတွက် လက်တွေ့နဲ့ သံတမန်နည်းမှာ အခက်အခဲတွေ ရှိပါတယ်။ ယူကရိန်းကို ခရီးသွားခွင့်ကို တောင်ကိုရီးယား နိုင်ငံခြားရေး ဌာနက ပိတ်ထားပြီး ဒါကို ချိုးဖောက်ရင် ထောင်တနှစ် ဒါမှမဟုတ် ဒေါ်လာ ခုနစ်ထောင်ထိ ဒဏ်တပ်နိုင်ပါတယ်။

ယူကရိန်းကို မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ပို့လိုက်ရင် မြောက်ကိုရီးယားနဲ့ ရုရှားကို ရန်စသလို ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး မတည်မငြိမ် ဖြစ်လာမှာကိုလည်း စိုးရိမ်ကြပါတယ်။

အဲဒီကို သွားတိုက်မယ်လို့ ကြေညာရုံသက်သက်က ကောင်းပေမယ့် တကယ်တမ်း ဒီလူတွေကို ပို့ဖို့က နိုင်ငံခြား ဆက်ဆံရေးမှာ သိမ်မွေ့တဲ့ ကိစ္စပါလို့ မြောက်ကိုရီးယား ပူဖောင်းအုပ်စုက ခေါင်းဆောင် လီမင်ဘော့က ပြောပါတယ်။

နောက်ပြီး မြောက်ကိုရီးယား စစ်သားတွေ ဘက်ပြောင်းလာအောင် လုပ်နိုင်ပါ့မလားကလည်း မေးစရာ ရှိပါတယ်။

သူတို့ကို ဘက်ပြောင်းလာအောင် စကားပြောဖို့ ကြိုးစားရင် သူတို့ကို ခင်ဗျားခေါင်းကို ပစ်ထည့်လိုက်မှာလို့ မြောက်ကိုရီးယား အထူး မုန်တိုင်းတပ်ဖွဲ့ဝင်ဟောင်း လီဝန်ဂျီးလ်က သတိပေးပါတယ်။

တောင်ကိုရီးယားမှာ နှစ်ချီ နေလာခဲ့တဲ့ တချို့ ထွက်ပြေးလာသူတွေမှာ မြောက်ကိုရီးယား စစ်တပ်ရဲ့ အတွင်း လည်ပတ်မှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို သိဖို့ခက်တယ်လို့လည်း သူက ဆိုပါတယ်။

မြောက်ကိုရီးယားတပ်သားတွေမှာ ရိုက်သွင်းထားတဲ့ စည်းကမ်းနဲ့ သစ္စာသိမှုကို ချိုးဖျက်ဖို့ ခက်တာကိုလည်း မြောက်ကိုရီးယား ခရစ်ယာန် စစ်သားအသင်းက မစ္စတာဆင်မ်က အသိအမှတ်ပြုပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဆိုတာ ဟာသမဟုတ်ဘူးလို့ ကင်ဂျုံအွန်းက လူတွေကို သိစေချင်တယ်၊ ဒီတပ်တွေကို ရဲရဲရင့်ရင့်တိုက်ပြီး ပါတီနဲ့ ခေါင်းဆောင်အတွက် အသေခံအောင် ပြင်ဆင်ပေးထားတာပါ။ ပိုက်ဆံမရှိ၊ စားစရာမရှိသူတွေကို စုပြီး လွှတ်လိုက်တာမဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။

အသံချဲ့စက်တွေ သုံးပြီး ဝါဒဖြန့်ဖို့က အန္တရာယ်ကြီးလွန်းတယ်လို့ ကိုရီးယား ကာကွယ်ရေး သိပ္ပံက ဒေါက်တာ ဒိုဂျင်ဟိုက ပြောပါတယ်။ မြောက်ကိုရီးယား ဆန့်ကျင်ရေးတွေ ပြောတာနဲ့ ချက်ချင်း ဒရုန်းနဲ့ လာတိုက်မှာလို့ သူက သတိပေးပါတယ်။

ဒါကြောင့် တိုက်ရိုက်ဆက်သွယ်မှုနည်းတဲ့ နည်းတွေ သုံးသင့်တယ်လို့ လီဝန်ဂျီးလ်က ပြောပါတယ်။

ဗီဒီယို ဒါမှမဟုတ် အသံသွင်းပြီး သတင်းစကားပို့တာက တိုက်ရိုက်ဆက်သွယ်တာထက် ပိုထိရောက်မယ်လို့လည်း သူက ယုံကြည်ပါတယ်။

တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့သူတွေ ပျော်ပျော်ရွှင်ရွှင် နေနေကြတဲ့အကြောင်း ဗီဒီယိုအတိုလေးတွေ ပို့တာက ပိုအသုံးကျမယ် ထင်တယ်လို့လည်း ဆိုပါတယ်။

ဒီဗီဒီယိုတွေကို မြောက်ကိုရီးယား စစ်သားတွေဆီရောက်အောင် အမ်ပီသရီး စက်တွေနဲ့ ဆဲလ်ဖုန်းဟောင်းတွေထဲ ထည့်ပို့ဖို့လည်း မစ္စတာလီက ပြောပါတယ်။

ခံနိုင်ရည်စွမ်း

ရိက္ခာယူနေတဲ့ မြောက်ကိုရီးယားစစ်သားများ

ဓာတ်ပုံ ရင်းမြစ်, Chung Sung-Jun/Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းအစိုးရက ယူကျုနဲ့ တယ်လီဂရမ်မှာ ဗီဒီယိုလွှင့်တင်ပြီး မြောက်ကိုရီးယားတွေ လက်နက်ချဖို့ အားပေး

ဒီလို စွန့်စားမှုနဲ့ ပူပန်မှုတွေ ရှိပေမယ့်လည်း မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေက သူတို့ရည်ရွယ်ချက်မှာ စွဲစွဲမြဲမြဲ ရှိနေပါတယ်။

ကျွန်တော်တို့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေဟာ ကိုယ်ယုံကြည်ရာကို လုပ်ကြတဲ့သူတွေပါလို့ မစ္စတာ ဆင်မ်က ပြောပါတယ်။ ကျွန်တော်တို့ဘဝ နောက်ဆုံးရက်တွေကို ဒီလို အဓိပ္ပာယ်ရှိရှိ အသုံးချရတာ ဘယ်လောက် ကောင်းသလဲလို့လည်း ဆိုပါတယ်။

ဒီထွက်ပြေးလာသူတွေရဲ့ အစီအစဉ်တွေကို ဆွေးနွေးနေတုန်းမှာပဲ ယူကရိန်းအစိုးရကတော့ စပြီး လုပ်ဆောင်နေပါပြီ။

မြောက်ကိုရီးယား စစ်သားတွေအတွက် ရည်ရွယ်တဲ့ ကိုရီးယားပြည်သူ့တပ်မတော်က စစ်သားတွေအတွက် စကားတခွန်းဆိုတဲ့ ဝါဒဖြန့်ဗီဒီယိုကို ယူကျုနဲ့ တယ်လီဂရမ် ဝက်ဆိုက်တွေမှာ လွှင့်တင်ခဲ့ပါတယ်။

ဒီမြောက်ကိုရီးယားက ထွက်ပြေးလာသူတွေ ယူကရိန်းသွားချင်တာနဲ့ ပတ်သက်ပြီး သူတို့နဲ့ ဘာမှ မသက်ဆိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနတွေက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ကြိုဆိုပြီး နိုင်ငံတကာတပ်မှာ ပါဝင်ဖို့ အားပေးကြောင်း ယူကရိန်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဟယ်ရောဟီ တိုင်ခီက ဘီဘီစီကို ပြောပါတယ်။

သူတို့ ယူကရိန်းလာစေချင်ပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်စေချင်တယ်၊ မြောက်ကိုရီးယား စစ်တပ်အကြောင်းနဲ့ ဘာသာစကားကို သိနားလည်မှုတွေက ကျွန်တော်တို့အတွက် မယုံနိုင်အောင် တန်ဖိုးရှိပါတယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားတပ်တွေကို ယူကရိန်းစစ်မှာ ဆွဲသွင်းတဲ့ ပူတင်ရဲ့ လုပ်ရပ်က ကမ္ဘာကို အကြီးအကျယ် ခြိမ်းခြောက်လာတဲ့အတွက် ကမ္ဘာက တုံ့ပြန်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။