ယူကရိန်းစစ် - ရုရှားသမ္မတ ပူတင်ရဲ့ နောက်ခြေလှမ်းက ဘာလဲ၊ နျူလက်နက် သုံးတဲ့ အထိ လုပ်လာမလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားဟာ တာဝေးပစ် ဒုံးလက်နက် အမျိုးစား တစ်ခု ဖြစ်တဲ့ အင်တာမီဒီယိတ် ဒုံးကျည် သုံးပြီး ယူကရိန်းကို တိုက်ခိုက်လာခဲ့တဲ့ လုပ်ရပ်ဟာ စစ်ပွဲကြီး တစ်ခုလုံးရဲ့ လမ်းကြောင်းကို ပြောင်းလဲသွားစေမှာ မဟုတ်ဘူး ဆိုပြီး နေးတိုး NATO စစ်ရေး မဟာမိတ် အဖွဲ့က ပြောပါတယ်။
နေးတိုးအဖွဲ့ဝင် မိတ်ဖက် နိုင်ငံတွေဘက်က ယူကရိန်းနိုင်ငံကို အကူအညီ ပေးနေတာ တွေဟာ ရုရှားရဲ့ ဒီလုပ်ရပ်ကြောင့် ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ နေးတိုးအဖွဲ့ရဲ့ ပြောခွင့်ရ မစ္စ ဖာရာ ဒါ့ခ်ဟာလာ က ပြောပါတယ်။
ယူကရိန်းမြို့ နီပရိုကို ရုရှားက ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေထဲမှာ စွမ်းအား အမြင့်ဆုံး ဖြစ်တဲ့ တိုက်ချင်းပစ် ဒုံးကျည် ICBM တစ်စင်း လည်း ပါဝင်ခဲ့တယ်လို့ ယူကရိန်းဘက်က ကနဦးမှာ ယူဆခဲ့ကြပါတယ်။
အခု အခါမှာ တိုက်ချင်းပစ် ICBM မဟုတ်ပေမယ့်၊ ရောက်နိုင်တဲ့ အကွာအဝေးအရ ဆိုရင် ICBM ထက် တစ်ဆင့်ပဲ လျော့တဲ့ အင်တာမီဒီယိတ် ဒုံး IRBM နဲ့ ပစ်ခတ်ခဲ့ကြောင်း သိလာရပါတယ်။
ရုရှားဘက်က အခုလောက် စွမ်းအားပြင်းတဲ့ ဒုံးလက်နက် ထုတ်သုံးတာဟာ နေးတိုး အဖွဲ့ဝင်တွေ နောက်တွန့်သွားဖို့နဲ့ ယူကရိန်း တိုင်းသူပြည်သားတွေ ကြောက်ရွံ့တုန်လှုပ် သွားစေဖို့ ရည်ရွယ်တာ ဖြစ်တယ် ဆိုပြီးတော့လည်း မစ္စ ဒါ့ခ်ဟာလာ က ဆိုပါတယ်။
ယူကရိန်းဟာ အမေရိကန်နဲ့ ဗြိတိန်တို့ပေးတဲ့ ဒုံးကျည်တွေကို သုံးပြီး ရုရှားနိုင်ငံထဲထိ ပစ်ခတ် ခဲ့တဲ့နောက် ရုရှားဘက်ကလည်း အခုလို သုံးထားလက်စတွေထက် ပိုပြီး စွမ်းအားပြင်းထန်တဲ့ ဒုံးကျည်ကို ထုတ်သုံးလာတာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေ ပိုပြီး ဆိုးရွား ပြင်းထန်လာတဲ့ အပေါ် နိုင်ငံတကာ စိုးရိမ်မှုတွေလည်း ပေါ်ထွက်လာကြတာမှာ ရုရှားသမ္မတ ပူတင်ရဲ့ နောက်ခြေလှမ်းက ဘာဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းဟာ အဓိကပဲ ဖြစ်ပါတယ်။
ဘယ်လို ဒုံးကျည်အသစ်ကို ရုရှား ထုတ်သုံးခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သမ္မတ ပူတင်ကတော့ သူတို့ဟာ အသစ် စမ်းသပ်ထားတဲ့ အသံထက် ၁၀ ဆ မြန်တဲ့ ဒုံးကို သုံးခဲ့တာလို့ ဆိုပါတယ်။ ရုရှားရဲ့ ဒုံးကျည်ဟာ တစ်စက္ကန့်ကို ၃ ကီလိုမီတာထိ သွားနိုင်တာ ဖြစ်ပါတယ်။
အသံထက်မြန်တဲ့ အရာ ဟိုက်ပါ ဆိုးနစ် ဆိုပြီး လူလုပ် အရာဝတ္ထုပစ္စည်းတွေကို ရည်ညွှန်းကြတာတွေထဲ အဲဒီ အမြန်နှုန်းဟာ ထိပ်ဆုံးလောက်မှာ ရှိပါတယ်။ ဒီနှုန်းထက် မြန်နိုင်တဲ့ လူလုပ်ပစ္စည်း အနည်းငယ်ပဲ ရှိနိုင်ပါတယ်။
အခုလို အသစ်တီထွင်ထားတဲ့ ဒုံးကို သုံးပြီး တိုက်ခိုက်တာဟာ အနောက်အုပ်စု တစ်ခုလုံးကို သတိပေးလိုက်တာပဲ ဆိုပြီး ရုရှားက ပြောပါတယ်။ ယူကရိန်းကို ပံ့ပိုးကူညီတယ် ဆိုပြီး လုပ်ဆောင်နေတဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကို မော်စကိုက မဖြစ်မနေ တုံ့ပြန်မှာ ဖြစ်ကြောင်း ပြသတာလို့ ဆိုပါတယ်။
အခု သုံးခဲ့တဲ့ ဒုံးအသစ်ဟာ နျူကလီယာ ထိပ်ဖူးကိုလည်း တပ်ဆင် ပစ်ခတ်နိုင်တယ် လို့ ရုရှား အစိုးရရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောပါတယ်။ အခုလို ရုရှားဘက်က လုပ်ဆောင်ပြတာဟာ ပူတင်ကနေ ဝါရှင်တန်ကို သတိပေးတဲ့ လုပ်ရပ်ဆိုတာကို ဝါရှင်တန်ဘက်ကလည်း နားလည်လိမ့်မယ်လို့ ဒီမီထရီ ပက်ရှ်ကော့ဗ်က ဆိုပါတယ်။
မစ္စတာ ပက်ရှ်ကော့ဗ်ရဲ့ အဆိုအရ ရုရှား အနေနဲ့ သူတို့ လုပ်ဆောင်မယ့် အရာကို ကြိုတင်ပြောဖို့ ဘာတာဝန်မှ မရှိပေမယ့်၊ တကယ် ပစ်ခါနီး အချိန် နာရီဝက် အလိုမှာတော့ အမေရိကန်ကို ကြိုပြီး အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်လည်း ယူကရိန်းက သူတို့ တိုက်ချင်းပစ် ဒုံး ICBM နဲ့ အပစ်ခံရပြီလို့ ပြောချိန်မှာ အမေရိကန် အရာရှိတချို့ဟာ ICBM တော့ မဟုတ်နိုင်ဘူး ဆိုပြီး နာမည်မခံပဲ ပြောနေခဲ့ပါတယ်။
သမ္မတပူတင်ရဲ့ သဘောထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသမ္မတ ပူတင်ဘက်က ဆွေးနွေးရေးကို လမ်းဖွင့်ထားဆဲပဲလို့လည်း မစ္စတာ ပက်ရှ်ကော့ဗ်ကတော့ ပြောပါတယ်။ ဘီဘီစီရဲ့ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘာ့ဂ်ကတော့ ကရင်မလင်နန်းတော်က ရုရှားအစိုးရ ခေါင်းဆောင်ပိုင်းဟာ ဒီရက်ပိုင်းတွေမှာပဲ နျူလက်နက်ကို ဘယ်အခြေအနေမှာဆို ထုတ်သုံးမယ် ဆိုပြီး သတ်မှတ်ထားတဲ့ အဆင့်အတန်းကို အောက်ချ လိုက်တယ်လို့ သုံးသပ်ပါတယ်။
ဆိုလိုတာကတော့ နျူလက်နက် ထုတ်သုံးဖို့ အရင်ကလောက် ခက်ခဲမှာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အမေရိကန်နဲ့ ယူကေတို့ဟာ မကျော်သင့်တဲ့ စည်းကို ကျော်ခဲ့ကြပြီလို့ မစ္စတာ ပူတင့်ရဲ့ အမြင် ရှိနေတဲ့ အတွက် လက်နက်ဆန်း ထုတ်သုံးလာတာ လို့လည်း စတိဗ် ရိုဇင်ဘာ့ဂ်က ဆိုပါတယ်။
တိုက်ခိုက်မှု အပြီး ဗလာဒီမီယာ ပူတင် ရုရှားပြည်သူတွေကို ထွက်ပြောတဲ့ မိန့်ခွန်းထဲမှာ “ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို သူတို့လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တဲ့ နိုင်ငံတွေကို ရုရှားကလည်း ပြန်လည် တိုက်ခိုက်ပိုင်ခွင့် ရှိတယ်” လို့ ဆိုထားပါတယ်။
အဲဒီလို ပြောဆိုမှုကြောင့် “ပူတင်ရဲ့ နောက်ခြေလှမ်းက ဘာလဲ” ဆိုတာဟာ ဒီနေ့ဒီအချိန်မှာ အရေးကြီးဆုံး မေးခွန်း ဖြစ်လာစေတယ်လို့ စတိဗ် ရိုဇင်ဘာ့ဂ်က ပြောပါတယ်။ ဒါပေမယ့် အဲဒီ မေးခွန်းကို သမ္မတပူတင်တောင် အတိတကျ ဖြေနိုင်လိမ့်မယ် မထင်ဘူးလို့လည်း စတိဗ် ရိုဇင်ဘာ့ဂ်က ဆိုပါတယ်။
တရုတ် နိုင်ငံကတော့ ဘက်အားလုံး စိတ်အေးအေးထားပြီး၊ အင်အားကို အတတ်နိုင်ဆုံး ထိန်းချုပ် လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။
"ယူကရိန်းအရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ ရပ်တည်မှုဟာ တသမတ်ထဲဖြစ်ပြီး၊ ရှင်းလင်းလှပါတယ်။ ပြဿနာတွေကို နိုင်ငံရေးနည်း အားဖြင့် အဖြေရှာဖို့ရာပဲ အမြဲ တိုက်တွန်းနေပါတယ်။ အခြေအနေတွေ ပိုဆိုးရွားသွားအောင် မပြုမူကြဖို့လည်း အမြဲပဲ ပြောနေခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေတွေမှာ ဘက်အားလုံး အနေနဲ့ စိတ်အေးအေးထားပြီး၊ အင်အားကို အတတ်နိုင်ဆုံး ထိန်းချုပ် လုပ်ဆောင်ကြဖို့ လိုပါတယ်” လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ လင်ကျီအန်က ဆိုပါတယ်။
ရုရှားက တကယ်တမ်း နျူလက်နက် သုံးလာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပူတင်ရဲ့ နောက်ခြေလှမ်းကဘာလဲ ဆိုတဲ့ မေးခွန်းရဲ့နောက်မှာ ကပ်ရက်လိုက်ပါလာတဲ့ နောက်မေးခွန်းကတော့ ရုရှားက တကယ်တမ်း နျူလက်နက် သုံးလာနိုင်လား ဆိုတဲ့ မေးခွန်းပါပဲ။
မစ္စတာ ပူတင်ဟာ နျူလက်နက် ကို သူ့ရဲ့ ရွေးချယ်စရာတွေထဲက တစ်ခု အဖြစ် အမြဲ သဘောထားခဲ့သလား ဆိုတာ သူ ပြောခဲ့တာတွေကို ပြန်ကြည့်ရင် အရိပ်အမြွတ်တွေ တွေ့နိုင်ပါတယ်။
ယူကရိန်းထဲ အပြည့်အဝ ကျူးကျော်စစ် လုပ်မယ် ဆိုတာကို “အထူးစစ်ဆင်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေညာခဲ့စဉ်ကတည်းက မစ္စတာပူတင်ဟာ “ကျွန်ုပ်တို့ လမ်းကို ပိတ်ပင်သူ၊ ကျွန်ုပ်တို့ တိုင်းပြည်နဲ့ ပြည်သူတွေကို ခြိမ်းခြောက်သူမှန်သမျှကို ရုရှားက ချက်ခြင်း တုံ့ပြန်မှာ ဖြစ်ပြီး၊ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ သင်တို့ သမိုင်းတလျှောက် တခါမှ မတွေ့မကြုံစဖူး အနေအထားနဲ့ တွေ့လာရလိမ့်မယ်” ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။
ဒါဟာ နျူလက်နက်အထိ သုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှု အဖြစ် အနောက်အုပ်စု နိုင်ငံတွေ အလေးအနက် ထားခဲ့ပုံ မရပါဘူး။ ဒါ့ကြောင့်လည်း မစ္စတာပူတင်ရဲ့ မကျော်ရမယ့် အနီရောင်စည်းကို အကြိမ်ကြိမ် ကျော်ခဲ့ကြပါတယ်။ ယူကရိန်းကို သံချပ်ကာအမြောက်ကားတွေ၊ ဒုံးစနစ်တွေ ပေးရုံတင်မက အခုဆို F-16 တိုက်လေယာဉ်ပါ ပေးခဲ့ကြပြီ ဖြစ်ပါတယ်။
သမ္မတပူတင် ပြောခဲ့တဲ့ မကြုံစဖူး နောက်ဆက်တွဲတွေ ဆိုတာ တကယ်တမ်း နျူစစ်ပွဲ အသွင်တော့ ဖြစ်မလာသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ ရုရှားရဲ့ နျူလက်နက်တွေ အသုံးပြုရာမှာ တင်းကျပ်ထားတဲ့ အရာတွေကို သမ္မတပူတင် ဖြေလျှော့ပါတယ်။ ဒါဟာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ တာဝေးပစ်ဒုံးတွေကို ရုရှားထဲက ပစ်မှတ်တွေကို ပစ်ခွင့် ယူကရိန်းကို မပေးဖို့ တင်ကြို သတိပေးတာ ဖြစ်ပါတယ်။
အဲဒီ အနီရောင်စည်းကိုလည်း အမေရိကန်နဲ့ ဗြိတိန် ထပ်ပြီး ကျော်ခဲ့ပါတယ်။ အမေရိကန်က ပေးတဲ့ အက်တမ်စ် Atacms ဒုံးတွေနဲ့ ဗြိတိန်လုပ် မုန်တိုင်းအရိပ် Storm Shadow ဒုံးတွေကို သုံးပြီး ယူကရိန်းက ရုရှားနယ်မြေထဲ တိုက်ခိုက်လာတာ ခံခဲ့ရတယ်လို့ သမ္မတပူတင်က အတည်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီလို တိုက်ခိုက်မှုတွေကို ဘယ်လို လက်တုံ့ပြန်သင့်သလဲလို့ ရုရှားရဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ကို သမ္မတပူတင်အပေါ် လိုလားတဲ့ သတင်းစာ တစ်စောင်က မေးတဲ့အခါ အဲဒီ ဗိုလ်ချုပ်ကြီးကတော့ “ဘရန့်စ်ခ် Bryansk ဒေသက လက်နက်ရုံ အတိုက်ခိုက်ခံရတဲ့ အပေါ် တတိယကမ္ဘာစစ် ဖြစ်လာစေနိုင်တဲ့ အထိ လက်တုံ့ပြန်မယ် ဆိုရင် ရေရှည်ကို မကြည့်ရာရောက်လိမ့်မယ်” လို့ ဖြေပါတယ်။
ကရင်မလင်နန်းတော်တစ်ခုလုံးက သူတွေလည်း အဲဒီ အမြင်မျိုး ရှိနေရင်တော့ စိတ်သက်သာစဖွယ် ဖြစ်နိုင်ပေမယ့်၊ သမ္မတပူတင်က တိုင်းပြည်ကို ထွက်ပြောလာတဲ့ မိန့်ခွန်းထဲမှာတော့ အဲဒီသဘောထားမျိုး မရှိတာ တွေ့ရပါတယ်။
သူ့ မိန့်ခွန်းထဲကနေ အဓိက ခံစားမိစေတာကတော့ “ငါ အထိမခံဆုံး အနီရောင်စည်းကို မင်းတို့ ကျော်ဝံ့ကြသကိုး” ဆိုတဲ့ ဒေါသပဲ ဖြစ်ပါတယ်။ ရုရှားရဲ့ လွတ်လပ်တဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ နိုဗဂရာဂဇတ်တာ Novaya-gazeta ရဲ့ ဆောင်းပါးရှင် အန်ဒရေ ကိုလက်စ်နီကော့ဗ် ကတော့ “ပူတင်ကိုယ်တိုင်တောင် နျူကလီယာ လက်နက် သုံးမယ် မသုံးမယ် ဆိုတာကို တင်ကြို ယတိပြတ် ဆုံးဖြတ်ထားမျိုး ရှိကောင်းမှ ရှိလိမ့်မယ်၊ သူ့ရဲ့ လတ်တလော စိတ်ခံစားမှုတွေ အပေါ် အများကြီး မူတည်နိုင်တယ်” လို့ ဆိုပါတယ်။
ပူတင်ဟာ အင်မတန် စိတ်ခံစားမှု ကြီးမားပြင်းထန်တဲ့ အီမိုရှင်နယ် သမားလို့လည်း သူက ဆိုပါတယ်။ အခု ယူကရိန်း စစ်ကို စခဲ့တာကိုက ပူတင့်ရဲ့ စိတ် အခံကြောင့် ဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ပူတင့် အပြုအမူနဲ့ လုပ်ရပ်တွေ အပေါ် ဆန်းစစ်နေတဲ့ အန်ဒေရက ဆိုပါတယ်။
ပူတင်ဟာ အခြေအနေ တချို့အောက်မှာ အနည်းဆုံးတော့ ထိန်းချုပ်ထားတဲ့ နျူကလီယာ စစ်ပွဲ အသေးစား ဖော်ဆောင်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိကြပါတယ်။ အကန့်အသတ်နဲ့ ဗျူဟာမြောက် နျူလက်နက် သုံးကောင်းသုံးနိုင်ကြောင်း အမြဲပဲ တွက်ဆထားသင့်တယ်လို့ အန်ဒရေက သတိပေးပါတယ်။
အန်ဒရေပြောတဲ့ ဗျူဟာမြောက် နျူလက်နက် ဆိုတာ စစ်မျက်နှာပြင် တစ်ခုအတွက်သာ သုံးတဲ့ နျူထိပ်ဖူး ခပ်သေးသေးကို ရည်ညွှန်း ဆိုလိုတာ ဖြစ်ပါတယ်။
ထရမ့်လာရင် ဘယ်လိုလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗလာဒီမီယာ ပူတင်ဟာ စိတ်ခံစားမှု သမားပီပီ အနောက်နိုင်ငံတွေ အပေါ် အင်မတန် မနှစ်လိုစိတ် အရင်းခံနဲ့ နောက်ကို ပြန်ဆုတ်မှာ မဟုတ်ဘူး ဆိုတဲ့ ရပ်တည်မှုကို အခုလက်ရှိ ပြသနေတာ မှန်ပါတယ်။
ဒါပေမယ့် ကမ္ဘာကြီးဟာ မကြာခင်မှာပဲ အကြီးအကျယ် ပြောင်းလဲတော့မယ် ဆိုတာကိုလည်း သိထားပါတယ်။
လာမယ့် ၂ လ ဆိုရင် အမေရိကန် သမ္မတ နေရာမှာ ဒေါ်နယ်ထရမ့် ရောက်လာတော့မှာပါ။ ရွေးကောက်ပွဲနိုင်ထားတဲ့ မစ္စတာ ထရမ့်က ယူကရိန်းကို အမေရိကန်က စစ်ရေးအရ အကူအညီပေးနေတဲ့ လုပ်ရပ်အပေါ် သူ မယုံကြည်ကြောင်း ပြောဆိုထားပြီး ဖြစ်သလို၊ နေးတိုး စစ်ရေး မဟာမိတ် တစ်ဖွဲ့လုံးရဲ့ ဝန်ထုပ်ဝန်ပိုး အမေရိကန် အပေါ် ပိနေတယ်ဆိုပြီး နေးတိုး အဖွဲ့ အပေါ်မှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်သူ ဖြစ်ပါတယ်။
မစ္စတာ ပူတင်နဲ့ စကားပြောဆို ဆွေးနွေးတာကသာ ဥာဏ်နဲ့ယှဉ်တဲ့ လုပ်ရပ် ဖြစ်လိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။ ထရမ့်ရဲ့ ရပ်တည်မှုတွေ၊ ဆိုစကားတွေ အားလုံးဟာ ပူတင့် အတွက် ဂီတသံကြားရသလို နားဝင်ချိုနိုင်ပြီး ဒေါသအမျက်မီးကိုလည်း ထိန်းနိုင်စွမ်း ရှိလာလိမ့်မယ်လို့ မျှော်လင့် နိုင်ပါတယ်။
ဒီတော့ ထရမ့်လာဖို့ ၂ လ လောက်ပဲ လိုတော့ချိန်မှာ မော်စကို အနေနဲ့ နျူလက်နက်သုံးပြီး အဆုံးစွန် စစ်ရေး လက်တုန့်ပြန်မှု လုပ်ပါ့မလား ဆိုတဲ့ ရှုထောင့်မျိုးလည်း ရှိနေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူပြောထားသလို အခု စစ်ပွဲ အဆုံးသတ်ရေးမှာ တကယ် ကူမယ် ဆိုရင်တော့ ရုရှားအတွက် အကျိုးရှိစေမယ်လို့ ကရင်မလင်နန်းတော်က တွက်ချက်ထားပုံရပါတယ်။