အစ္စရေးရဲ့လေကြောင်းတိုက်မှုကို အကြောက်ကြီးနေကြတဲ့ အာဟာရချို့ ဂါဇာကလေးတွေ

ဗီဒီယို ပုံစာ, ဂါဇာဆေးရုံကို အစ္စရေးက လေကြောင်းနဲ့ တိုက်ခိုက်မှုကို ဘီဘီစီ ကင်မရာမန်းတစ်ဦးက ရိုက်ကူးထားနိုင်ခဲ့
  • ရေးသားသူ, ဖာဂယ် ကိန်း
  • ရာထူးတာဝန်, အထူးသတင်းထောက်
  • ရေးသားပေးပို့သည့်နေရာ အန်မန်

ဂါဇာ စစ်ပွဲဟာ ထိတ်လန့်စရာ အနိဌာရုံကို သာလို့ တိုးစေပါတယ်။ သေလူဖြစ်နေသူတွေရော၊ လူသေဖြစ်နေသူတွေရော၊ ငတ်ပြတ်နေသူတွေပါ ရှိနေပါတယ်။ ဂါဇာက ဒီအခြေအနေကို အထူးသဖြင့် လူ့အသက်ကို လောင်းကြေးထပ်နေရတဲ့အခြေအနေတွေကို ရဲရဲရင့်ရင့် သတင်းယူခဲ့ကြတဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ပိုပြီး မျက်ဝါးထင်ထင် တွေ့လာရပါတယ်။

ကျွန်တော်တို့အတွက် ပုံမှန်အားဖြင့် မမြင်ချင်တာကို မျက်နှာရှောင်လွှဲလိုက်တာနဲ့ အနိုင်ပိုင်းနိုင်ပါတယ်။ ဒါပေမယ့် ဘီဘီစီအတွက်အလုပ်လုပ်တဲ့ ကင်မရာသမားတွေကတော့ အဝေးကိုကြည့်ပြီး ဒီမြင်ကွင်းကို မျက်နှာ မလွှဲနိုင်ပါဘူး။ ဒါကြောင့်ပဲ ကင်မရာသမားထဲက တစ်ဦးဆိုရင် အင်္ဂါနေ့တုန်းက ထိခိုက်ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက် ဂါဇာကို ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်နာမည်တွေကို ထုတ်မပြောတော့ပါဘူး။

ကျွန်တော်တို့ရဲ့ ကင်မရာသမားဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သေကံမရောက် သက်မပျောက် ကံကောင်းခဲ့တာလို့ပဲ ဆိုနိုင်ပါတယ်။ ဂါဇာက ခန်ယွန်းနစ်မြို့မှာ ဥရောပအကူအညီနဲ့ဖွင့်ထားတဲ့ဆေးရုံဝင်းထဲက ကားရပ်တဲ့နေရာကို အစ္စရေးက လေကြောင်းကနေ ဗုံးကြဲပါတယ်။ နောက်ဆက်တွဲကတော့ လူပေါင်း ဒါဇင်နဲ့ချီ သေကြေ ထိခိုက်ခဲ့တာပါ။

အစ္စရေးကတော့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်ဟာ အဲဒီဆေးရုံအောက်က ထိန်းချုပ်ကွပ်ကဲရေးစခန်းထဲမှာ ပုန်းအောင်းနေတာလို့ ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ ''ပစ်မှတ်တိကျအောင်လေကြောင်းတိုက်ခဲ့တာ'' လို့ဆိုပြီး ''ဆေးရုံဝင်းနဲ့ ပတ်ဝန်းကျင်က အရပ်သားတွေကို အမြတ်ထုတ်အသုံးချနေတယ်'' လို့လည်း ဟားမတ်စ်ကို အပြစ်ဖို့ပါတယ်။ ဟားမတ်စ်ကတော့ ဒီပြောဆိုချက်တွေကို ငြင်းပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်တဲ့အချိန်ဟာ နေမကောင်းတဲ့ကလေးတွေကို ဂါဇာကနေ ရွှေ့ထုတ်ဖို့ သက်ဆိုင်ရာ မိသားစုဝင်တွေ ဆေးရုံမှာ စုဝေးနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။ အပြင်မှာ ဆေးသွားကုပြီးတဲ့နောက် ပြန်လာကြတဲ့ကလေးတွေကို တွေ့ဖို့ စောင့်နေကြတဲ့ မိသားစုတွေလည်း ရှိနေတာပါ။

အဲဒီကလေးတွေထဲက တစ်ဦးရဲ့ ဖခင်က ကျွန်တော်တို့ ဘီဘီစီက လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပါတယ်။ ကြဲချခဲ့တဲ့ဗုံးတွေကြောင့် သူလည်း ဒဏ်ရာရခဲ့ပါတယ်။ အခုတော့ သူ့ကို ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ။ ထိန်လန့်သည်းပြာစရာရုပ်သံမှာတော့ ကျွန်တော်တို့လုပ်ဖော်ကိုင်သတင်းထောက်ဟာ တခြားအမျိုးသားတစ်ယောက်ရဲ့ ထိတ်လန့်နေတဲ့သားဖြစ်သူကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာတွေ့ရပါတယ်။

သတိပေးချက် - ဒီသတင်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာဓာတ်ပုံတွေ ပါဝင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက် သတင်းထောက် အခုရက်ပိုင်းတွေအတွင်းလုပ်တဲ့သတင်းဟာ အာဟာရ ချို့တဲ့တဲ့ကလေးငယ်တွေရဲ့ကံကြမ္မာအရေး ဖြစ်ပါတယ်။

နည်းနည်းမှ အတိမ်းအစောင်းမခံတဲ့အခြေအနေနဲ့လုပ်ရတဲ့ သူ့ရဲ့ ရိုက်ကူးရေးအတွက် ကျေးဇူးတင်တဲ့အကြောင်း ပေါက်ကွဲမှု မတိုင်ခင်လေးမှာပဲ သူ့ကို ကျွန်တော် မက်ဆေ့ပို့ခဲ့တာပါ။ ရိုက်ကူးတဲ့အကြောင်းကတော့ စီဝါ အက်ရှ်ဝါဆိုတဲ့ ကလေးလေး အကြောင်းပါ။ သူ့ ပြန်စာက ဒီလိုပါ -

''စီဝါရဲ့အကြောင်းဟာ ကျွန်တော်တို့ အားလုံးအတွက် ရင်ဘတ်ထဲ အောင့်စေတဲ့အကြောင်းလို့လည်း ပြောလို့ရပါတယ်။ ဒီအကြောင်း သတင်းလုပ်ရတာ ကျွန်တော့်ဘဝမှာ လုပ်ဖူးသမျှအလုပ်တွေထဲ အနာကျင်ရဆုံးပါပဲ။ ဒါပေမဲ့ သူ့မျက်နှာ၊ သူ့နာမည်၊ သူ့အကြောင်းဟာ အများသိဖို့၊ မြင်ဖို့ သိသင့် မြင်သင့် ကြားသင့်တဲ့အကြောင်းလို့ ကျွန်တော် မှတ်ယူပါတယ်''

စီဝါဟာ ငါးလသားပဲ ရှိသေးပြီး အာဟာရချို့တဲ့လွန်းလို့ နံပိန် အရိုးကျဖြစ်နေတဲ့သူ့ကိုယ်လုံးလေးမှာ ခေါင်းနဲ့ မျက်လုံးကြီးကြီးကပဲ ထင်းနေပါတယ်။ သတင်းထောက်တွေက အမေဖြစ်သူ နာဝါရဲ့ နောက်ကို တကောက်ကောက်လိုက် သတင်းယူပါတယ်။ အင်္ဂါနေ့တုန်းကတော့ တောင်ပိုင်းဂါဇာက နက်စ်ဆာဆေးရုံမှာရှိတဲ့ သူမရဲ့အခန်းကနေ ဗီဒီယိုမက်ဆေ့ တစ်ခုကို နာဝါက ကျွန်တော်တို့ဆီပို့ခဲ့ပါတယ်။

သူရဲ့ ကလေးကို သူ ဘယ်လောက်ချစ်ရလဲဆိုတာကို ကမ္ဘာကြီးကို သူက သိစေချင်ခဲ့တာပါ။ "သမီးလေးကို လိုအပ်တဲ့ကုသမှု ရစေချင်တယ်။ သူ ကုသမှုကို ခံယူနိုင်ဖို့၊ အပြည့်အဝကို ပြန်ကျန်းမာလာဖို့ လိုအပ်တယ်။ ပြီးတော့ ဒီမတိုင်ခင်က ပုံစံမျိုး ပြန်‌ရောက်ဖို့၊ တခြားကလေးတွေလိုပဲ ကစားနိုင်ဖို့၊ တခြားကလေးတွေလိုပဲ ကြီးထွားပြီး ကိုယ်အလေးချိန်လည်း ပြန်တက်ရဖို့ ကျွန်မ ဆုတောင်းမိပါတယ်"

''သမီးဦးလေးဖြစ်တော့ အမေတစ်ယောက်အနေနဲ့ နှလုံးကွဲမတတ်ပါပဲရှင်''

စီဝါ အက်ရှူရာဟာ အာဟာရချို့တဲ့လွန်းအားကြီးနေလို့ နို့မှုန့်ဒဏ်တောင် မခံနိုင်ဖြစ်နေပါတယ်
ဓာတ်ပုံ ပုံစာ, စီဝါ အက်ရှူရာဟာ အာဟာရချို့တဲ့လွန်းအားကြီးနေလို့ နို့မှုန့်ဒဏ်တောင် မခံနိုင်ဖြစ်နေပါတယ်

ပြီးခဲ့တဲ့ရက်အနည်းငယ်ကစလို့ စီဝါမှာ အ‌ရေးပြားရောဂါကူးစက်မှု ဝင်ပါတယ်။ အနာတွေက သူရဲ့လက်ပေါ်မှာ ပေါ်လာခဲ့ပါတယ်။ ပြင်းထန်တဲ့အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ အခြေအနေကိုလည်း သူ ခံစားနေရတာပါ။ သူ့ကိုယ်ထဲ အာဟာရ ဝင်အောင် လုပ်ရတာဟာ ဂါဇာ စစ်ပွဲနဲ့ အပြိုင်လို့တောင် ဆိုနိုင်ပါတယ်။ အစ္စရေးဘက်က ပိတ်ဆို့မှုတွေကြောင့်ဖြစ်လာတဲ့ အာဟာရ ပြတ်လပ်မှုကို သူ့ကိုယ်ခံအားစနစ်ကလည်း ပြန်တိုက်ထုတ်နေပါတယ်။

အားနည်းလွန်းလို့ ကလေးငိုသံဟာလည်း တိုးညှင်းလှပါတယ်။ ဒါပေမဲ့လည်း အသက်ရှင်ရေး တောင်းဆိုနေတာကိုတော့ အဲဒီငိုသံ တိုးတိုးမှာပဲ ကြားနိုင်ပါတယ်။ ဓာတ်မတည်တာတွေလည်း များလို့ စီဝါ လေးဟာ အထူးထုတ် အာဟာရနို့မှုန့်ကိုပဲ သောက်နိုင်ပါတယ်။

အင်္ဂါနေ့မှာတော့ သတင်းကောင်းတချို့ရှိလာခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သူ လိုအပ်တဲ့ နို့မှုန့်အမျိုးအစားကို အနီးနားမှာ ဂျော်ဒန်က လာဖွင့်ပေးထားတဲ့ မြေပြင်ကူညီရေးဆေးရုံ တစ်ခုကနေ ရခဲ့ပါတယ်။ ပမာဏ နည်းပေမဲ့ သူတို့မှာ နောက်ထပ် ပို့ပေးဖို့ အစီအစဥ်ရှိပါတယ်။

မျက်ရည်ခိုလုနီးနီးဖြစ်နေတဲ့အမျိုးသမီးကို မြင်ရပြီး သူ့နောက်မှာတော့ ကလေးငယ်တစ်ဦး ရှိနေပါတယ်။
ဓာတ်ပုံ ပုံစာ, အက်စ်မာ အယ်လ် နာရှာရဲ့ ကလေးတွေလည်း ဂါဇာထဲမှာပဲ ပိတ်မိနေပါတယ်

လာမယ့်ရက်တွေမှာတော့ အဲဒီမှာရှိနေတဲ့ နာမကျန်းဖြစ်တဲ့ကလေးတွေကို အာရပ်စော်ဘွားများပြည်‌ထောင်စု(ယူအေအီး)နဲ့ ဂျော်ဒန်နိုင်ငံတို့ကို ခေါ်ထုတ်ဖို့ စီစဥ်ထားပါတယ်။

ကျွန်တော်ရောက်နေတဲ့ ဂျော်ဒန်က အန်မန်မြို့မှာလည်း စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရလို့၊ ဒါမှမဟုတ် နေမကောင်းလို့ ဒေသတွင်းဆေးရုံတွေမှာ ဆေးလာကုကြတဲ့ မိသားစုတွေနဲ့ ပြုံနေပါတယ်။

အဲဒီလူတွေ ဂါဇာက ထွက်လာနိုင်ရေးကိုတော့ အစ္စရေးက လုပ်ပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့အတူ သွားမယ့် မိဘတွေကို အစ္စရေးက နောက်ကြောင်းစစ်ပြီးမှ လွှတ်ပါတယ်။

ဇန်နဝါရီလတုန်းကတော့ ဒီကိုရောက်လာတဲ့ အဒယ်ရာမန် အယ်လ်-နာဆာနဲ့ သူ အမေ အက်စ်မာတို့ကို ကျွန်တော်တို့ ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။ အဲဒီကလေးက အစ္စရေး ဗုံးကြဲမှုတစ်ခုအတွင်းမှာ ခြေထောက် ဖြတ်ခဲ့ရသူပါ။

ခေါင်းပေါ်မှာ အမိုး၊ စားဖို့ အစားအသောက်ရှိတဲ့နေရာကို သူတို့ ရောက်နေတာ ၄ လလောက်ရှိပါပြီ။ ဒါဟာ သူတို့အတွက်တော့ လုံခြုံတဲ့နေရာလို့ ဆိုနိုင်ပါတယ်။

အင်္ဂါနေ့က ကျွန်တော်တို့ သူ့တို့ရှိတဲ့နေရာကို ရောက်တုန်းကတော့ အက်စ်မာက ဂါဇာမှာကျန်ခဲ့တဲ့ သူ့ကလေးတွေနဲ့ အဖွားဆီကို ဖုန်းခေါ် ခဲ့ပါတယ်။

ဖုန်းကိုကြည့်နေတဲ့ကလေးတွေနဲ့ သူတို့ရဲ့ဘေးက နံရံကိုကျောပေးထားတဲ့ သူတို့ရဲ့အဖွား
ဓာတ်ပုံ ပုံစာ, ဓာတ်ပုံထဲက ကလေးငယ်တွေဟာ ဂါဇာမှာ အဖွားဖြစ်သူ နာဝါနဲ့အတူ ပိတ်မိနေပါတယ်

အဖွားဖြစ်သူ နာဝါကတော့ ဂါဇာမှာ ဘယ်ကိုပဲကြည့်ကြည့် အရပ် ရှစ်မျက်နှာ စစ်ပွဲနဲ့ပြည့်နေတယ်လို့ ဆိုပါတယ်။

''ဘယ်နေရာကြည့်ကြည့် လက်နက်ကြီးကျည်တွေက ကျနေတယ်။ ခေါင်းပေါ် တဝီဝီနဲ့။ စားဖို့ အရေးလည်း ရတက်မအေးရပါဘူး။ ရှင်သန်ရတာ ကံကိုပဲ ပုံချရတော့မလိုပါပဲ။ စားဖို့ ဂျုံလည်း မရှိပါဘူး။ စျေးတွေကလည်း ခေါင်ခိုက်နေတယ်'' လို့ အဖွားဖြစ်တဲ့ နာဝါက ပြောပါတယ်။

ကလေးငယ်တွေကတော့ သူတို့ အမေကို လက်ဝှေ့ပြပြီး လေထဲကနေ အနမ်းပေးခဲ့ကြပါတယ်။

"ဘာပြောရမှန်း မသိတော့ပါဘူး။ ကျွန်မ မရှိတုန်း ကလေးတွေနဲ့အတူ အမေကျန်ခဲ့တာကိုပဲ ဘုရားပေးတဲ့ဆုဖြစ်နေပါပြီ။ ကျွန်မ ပြန်ရောက်တဲ့အခါ ကလေးတွေ ကျန်းကျန်းမာမာ လုံလုံခြုံခြုံနဲ့ ပြန်တွေ့ရဖို့ပဲ မျှော်လင့်မိပါတယ်'' လို့ အက်စ်မာက ဖုန်းပြောအပြီးမှာပဲ ကျွန်တော်တို့ကို ပြောပါတယ်။

ပြီးတော့ သူ မျက်ရည်တွေကျလာပြီး အသံတိတ်သွားပါတယ်။

စစ်ကြောင့် ထိတ်လန့်ကြောက်ရွံနေပြီး ဆာလောင်နေကြတဲ့ ကိုယ့်ရင်သွေးတွေ အဝေးတစ်နေရာမှာ ချန်ထားခဲ့ရတဲ့မိခင်တစ်ဦးရဲ့သောကကို သူကတဆင့် မြင်နိုင်ပါတယ်။ တဖက်မှာလည်း ဒါဟာ ဂါဇာကို မပြန်လိုကြသူတွေရဲ့ နေရာမှာ ဝင်ခံစားမိစေတဲ့မြင်ကွင်းဆိုလည်း မမှားပါဘူး။

အဲလစ် ဒိုယာ့၊ ရှူဟာ ကာဝါ၊ နစ် မစ်လာတို့လည်း ပူးပေါင်း ရေးသား သတင်းတင်ဆက်ထားပါတယ်။