ဆီးရီးယားမှာ တိုက်ပွဲတွေအတွင်း လူ ၁၀၀၀ ကျော်သေဆုံး
ဆီးရီးယား ကမ်းရိုးတန်း ပြည်နယ်တွေ ဖြစ်တဲ့ လာတက်ကီးယားနဲ့ တာတုစ်တို့မှာ အစိုးရသစ်ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေအတွင်း အရပ်သား ပြည်သူ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီးနောက် စစ်ဆင်ရေးတွေ အဆုံးသတ်လိုက်ပြီ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဆီးရီးယား အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေက အရင် သမ္မတ ဘာရှာ အယ်လ် အာဆတ်ဒ်ရဲ့ အမာခံစခန်းတွေလို ဖြစ်တဲ့ ကမ်းရိုးတန်းက လာတက်ကီးယား၊ ဂျက်ဘလာနဲ့ ဘန်နီးယပ်စ် မြို့တွေမှာ လူပေါင်း ၁၀၀၀ မက သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၇၀၀ ကျော်ဟာ အရပ်သူအရပ်သားတွေ ဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့က အာဆတ်ဒ်ရဲ့ သစ္စာခံတွေက လာတက်ကီးယားနဲ့ ဂျက်ဘလာ အနားက လုံခြုံရေး တပ်ဖွဲ့တွေကို ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ ဒါဇင်များစွာ သေဆုံးခဲ့ရပါတယ်။ ဆီးရီးယား ကြားဖြတ် အစိုးရရဲ့ သမ္မတ အာမက် အယ်လ် ရှာရာက အားလုံး ညီညီညွတ်ညွတ် ရှိကြဖို့ တောင်းဆိုလိုက်သလို အရပ်သား ပြည်သူတွေ သေကြေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မတီ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ ဒမတ်စကပ်စ်မြို့က လီနာ ဆင်ဂျပ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။