အပစ်ရပ်ပြီး ပထမဆုံးအကြိမ် ဒုံးကျည်နဲ့ပစ်လို့ လက်ဘနွန်ကို အစ္စရေး ပစ်ခတ်

 အစ္စရေးပစ်မှတ်ကြောင့် လက်ဘနွန်တောင်ပိုင်းက မီးခိုးလုံးတွေ တက်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးပစ်မှတ်ကြောင့် လက်ဘနွန်တောင်ပိုင်းက မီးခိုးလုံးတွေ တက်လာ
  • ရေးသားသူ, ဟူဂို ဘရှေးဂါး
  • ရာထူးတာဝန်, ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက်
  • ရေးသားပေးပို့သည့်နေရာ ဘေရွတ်

မနှစ် နို၀င်ဘာလက ဟစ်ဇဘိုလာနဲ့ အပစ်ရပ်စဲရေး ယူပြီးနောက် ပထမဆုံးအကြိမ် လက်ဘနွန် နယ်စပ်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ လက်ဘနွန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ကလေးတယောက်အပါအ၀င် လူ နှစ်ဦး သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရကြောင်း လက်ဘနွန် ကျန်းမာရေး ဌာနက ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းက အီရန်ထောက်ခံထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည် ပစ်စင်တွေနဲ့ စစ်ဆင်ရေး စခန်းတခုကို ထိမှန်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ မဆက်စပ်ဘူးလို့လည်း ဟစ်ဇဘိုလာဘက်က ငြင်းဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း လက်ဘနွန်ဘက်က ပြောပါတယ်။

ဟစ်ဇဘိုလာရဲ့ မဟာမိတ် ဂါဇာက ဟားမတ်စ်အဖွဲ့ကို အစ္စရေးထိုးစစ်တွေ ပြန်စပြီးနောက် စနေနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အစ္စရေး မြောက်ပိုင်းက မက်တိုလာမြို့မှာ ဒုံးကျည်သုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ အသေအပျောက် သတင်းတော့ မသိရပါဘူး။

တောင်ပိုင်းက ဒုံးကျည်ပစ်စင်သုံးခုကို ဖျက်ပစ်ခဲ့ကြောင်းလည်း လက်ဘနွန် စစ်တပ်က ပြောပါတယ်။

လက်ဘနွန်မှာ ၁၄ လ ကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်စေတဲ့ အပစ်ရပ်စဲရေးကို လိုက်နာကြောင်း လက်ဘနွန်ရဲ့ အဓိက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟစ်ဇဘိုလာက ပြောပါတယ်။

အမေရိကန်နဲ့ ပြင်သစ် ကမကထပြုပေးတဲ့ အပစ်ရပ်စဲရေး ရပြီးနောက် ဒါက အကြီးဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

အပစ်ရပ်သဘောတူညီမှုအရ လက်နက်ကိုင်အဖွဲ့တွေ အစ္စရေးကို မတိုက်ဖို့အတွက် ထောင်နဲ့ချီတဲ့ လက်ဘနွန်တပ်တွေကို တောင်ပိုင်းမှာ ထပ်ပြီး ချထားမှာ ဖြစ်ပါတယ်။

ဟစ်ဇဘိုလာတပ်သားတွေကို လျှော့ချပြီး လက်နက်တွေကို ဖြုတ်သိမ်းဖို့လည်း လိုအပ်ပါတယ်။ အစ္စရေးဘက်ကတော့ စစ်အတွင်းမှာ သိမ်းထားတဲ့ နေရာတွေကနေ ပြန်ဆုတ်ပေးရမှာပါ။

ဒါပေမဲ့လည်း ဟစ်ဇဘိုလာ ပစ်မှတ်ဆိုတဲ့ နေရာတွေကို အစ္စရေးက နေ့တိုင်းနီးပါး လေကြောင်းက ဆက်ပြီး တိုက်ခိုက်နေတာပါ။ ဟစ်ဇဘိုလာတွေ လက်နက်ပြန်မဆင်နိုင်အောင် ဆက်ပြီး ကာကွယ်တိုက်ခိုက်သွားဖို့လိုတယ်လည်း ပြောပါတယ်။

အစ္စရေးဘက်ကနေ လက်ဘနွန်ထဲ လှမ်းကြည့်နေတဲ့ ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးဘက်ကနေ လက်ဘနွန်ထဲ လှမ်းကြည့်နေတဲ့ ဒေသခံတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ဘနွန်တောင်ပိုင်းက နေရာငါးခုကို အစ္စရေး စစ်တပ်က ခုထိ ဆက်ပြီး ထိန်းချုပ်ထားတာကိုလည်း နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်မှုနဲ့ အပစ်ရပ်စဲရေးကို ချိုးဖောက်မှုအဖြစ် လက်ဘနွန်ဘက်က ရှုတ်ချပါတယ်။

ဒီနယ်မြေတွေမှာ လက်ဘနွန်တပ်တွေ အပြည့်ချမထားရသေးလို့ နယ်မြေလုံခြုံရေးအတွက် ဆက်ပြီး တပ်စွဲထားဖို့လိုကြောင်း အစ္စရေး ဘက်က ပြောပါတယ်။

အစ္စရေးကို စနေနေ့က တိုက်ခိုက်မှုကြောင့် လက်ဘနွန်အစိုးရအပေါ် ဖိအားပိုများလာစေပြီး တောင်ပိုင်းနယ်မြေတွေကို လက်ဘနွန်စစ်တပ် အပြည့်အ၀ မထိန်းချုပ်နိုင်ကြောင်း အစ္စရေးဘက်က နမူနာအနေနဲ့ ပြောလာနိုင်ပါတယ်။ ဒီနယ်မြေတွေဟာ အစဉ်အလာအားဖြင့် ဟစ်ဇဘိုလာရဲ့ အမာခံနယ်မြေတွေ ဖြစ်ကြပါတယ်။

တိုင်းပြည်တပြည်မှာ အစိုးရမှာပဲ လက်နက်တွေ ရှိသင့်ကြောင်း ဇန်နဝါရီက တက်လာတဲ့ လက်ဘနွန်သမ္မတ ယိုဇက်ဖာအွန်က ပြောခဲ့ဖူးပြီး ဒီစကားက ဟစ်ဇဘိုလာရဲ့ လက်နက်တိုက်ကို ရည်ညွှန်းတယ်လို့ မြင်ကြပါတယ်။

ဒီလို စစ်ရှိန်တွေ တက်လာလို့ နိုင်ငံကို စစ်မီးအသစ်ထဲ ဆွဲသွင်းခံရနိုင်ကြောင်း လက်ဘနွန် ၀န်ကြီးချုပ် နဝပ်ဖ် ဆလမ်က စနေနေ့က သတိပေးထားပါတယ်။

စစ်ရှိန်မြင့်တက်လာနိုင်လို့ အစ္စရေးနဲ့ လက်ဘနွန် နှစ်ဘက်လုံး အပစ်ရပ်စဲရေး လိုက်နာကြဖို့လည်း လက်ဘနွန်မှာ ရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်က ပြောပါတယ်။

အစ္စရေးနဲ့ စစ်မှာ ဟစ်ဇဘိုလာ ခေါင်းဆောင်တွေ လုပ်ကြံခံရပြီး ရာနဲ့ချီတဲ့ တပ်သားတွေ သေကြေခဲ့ကြသလို လက်နက်အများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ဒဏ်သင့် နယ်မြေတွေကို ကူညီရေးမှာလည်း အဖွဲ့အတွက် စိန်ခေါ်မှုတွေ ရှိနေပြီး အဖွဲ့ကို လက်နက်ဖြုတ်ပစ်ဖို့လည်း ဆန့်ကျင်ဘက်တွေက ဖိအားပေးကြပါတယ်။

လက်ဘနွန်အစိုးရက ဟစ်ဇဘိုလာကို ထိန်းချုပ်နိုင်မှ အကူအညီပေးမယ်လို့လည်း လက်ဘနွန်ရဲ့ နိုင်ငံတကာ မဟာမိတ်တွေက ပြောကြပါတယ်။

အစ္စရေးတောင်ပိုင်းကို ၂၀၂၃ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း ဟစ်ဇဘိုလာ ထိုးစစ် စတင်ခဲ့ပြီး ဂါဇာက ပါလက်စတိုင်းတွေနဲ့ တသားတည်း ရှိကြောင်းပြတာလို့ ပြောပါတယ်။

အဲဒီနောက် စစ်ရှိန်မြင့်လာပြီး လက်ဘနွန်တလွှားမှာ အစ္စရေးရဲ့ အရှိန်ပြင်းတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်ဘနွန်တောင်ပိုင်းကို မြေပြင် ကျူးကျော်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီစစ်ပွဲကြောင့် လက်ဘနွန်မှာ အရပ်သားတွေအပါအ၀င် လူလေးထောင်လောက် သေဆုံးခဲ့ပြီး လူ တသန်းနဲ့ နှစ်သိန်းကျော် အခြေအနေပျက်ခဲ့ရပါတယ်။

အစ္စရေးမြောက်ပိုင်းမှာ ဟစ်ဇဘိုလာတိုက်ခိုက်မှုကြောင့် အခြေပျက်ခဲ့ရတဲ့ လူ ခြောက်သောင်း နေရပ်ပြန်နိုင်ဖို့ ဒီလို စစ်ဆင်ရတာဖြစ်ကြောင်းနဲ့ ဟစ်ဇဘိုလာကို နယ်စပ်တကြောက ဖယ်ရှားပစ်ဖို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။

နယ်စပ်မှာ အသင့်စောင့်နေတဲ့ အစ္စရေးတင့်ကား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နယ်စပ်မှာ အသင့်စောင့်နေတဲ့ အစ္စရေးတင့်ကား