မြန်မာပြည်တွင်းစစ်ထဲ ပြည်ပကြေးစားတပ်တွေရှိနေလား

ကြေးစားစစ်သားတွေလို့ အလွယ်ခေါ်ကြတဲ့ ‘’ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ’’ တွေက ဘယ်လိုစုဖွဲ့မှုရှိသလဲ၊ မြန်မာ့ ပြည်တွင်းစစ်မှာ ဘယ်လိုပါဝင်ပတ်သက်နေလဲ ဆိုတာ ဘီဘီစီက စုံစမ်းခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ကြေးစားစစ်သားတွေလို့ အလွယ်ခေါ်ကြတဲ့ ‘’ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ’’ တွေက ဘယ်လိုစုဖွဲ့မှုရှိသလဲ၊ မြန်မာ့ပြည်တွင်းစစ်မှာ ဘယ်လိုပါဝင်ပတ်သက်နေလဲ။

ပြည်တွင်းစစ်ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ပြင်ပကြေးစားတပ်တွေ သုံးနိုင်တယ်ဆိုတဲ့ သုံးသပ်ဆွေးနွေးမှုတွေ ရှိလာပြီးတဲ့နောက် ‘’ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ’’ တွေ အကြောင်းက ပြောဆိုဆွေးနွေးစရာဖြစ်လာပါတယ်။

၂၀၁၅ ခုနှစ် လောက်ကိုင် တိုက်ပွဲကတည်းက ကိုးကန့်တပ်မှာ ကြေးစားစစ်သားတွေသုံးတယ် လို့ မြန်မာစစ်တပ်က စွပ်စွဲခဲ့ပြီး လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအထိ အလားတူစွပ်စွဲခဲ့ပါတယ်။

တစ်ဖက်မှာလည်း မြန်မာစစ်တပ်အနေနဲ့ ရုရှား ဗာဂနာအဖွဲ့က ကြေးစားတွေနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ စစ်ရေးအကဲခတ်တွေရဲ့ တွေ့ရှိချက်တွေလည်း ရှိနေပါတယ်။

ကြေးစားစစ်သားတွေလို့ အလွယ်ခေါ်ကြတဲ့ ‘’ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ’’ တွေက ဘယ်လိုစုဖွဲ့မှုရှိသလဲ၊ မြန်မာ့ ပြည်တွင်းစစ်မှာ ဘယ်လိုပါဝင်ပတ်သက်နေလဲ ဆိုတာ ဘီဘီစီက စုံစမ်းခဲ့ပါတယ်။

ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ တွေ ဘယ်လိုအလုပ်လုပ်လဲ

အာဖရိက တစ်နေရာမှာတွေ့ရတဲ့ ဗာဂနာအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖရိက တစ်နေရာမှာတွေ့ရတဲ့ ဗာဂနာအဖွဲ့

ကြေးစားစစ်သားတွေလို့ အလွယ်ခေါ်ကြပေမယ့် သူတို့ရဲ့ အဖွဲ့အစည်းကို ‘’ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ’’ Private Military Security Companies (PMSC) လို့ နိုင်ငံတကာမှာ သိကြပါတယ်။

သူတို့ထဲမှာ အမေရိကန် Blackwater အဖွဲ့ နဲ့ ရုရှားက ဗာဂနာအုပ်စုတွေကတော့ ထင်ရှားပါတယ်။

တရုတ်ကုမ္ပဏီတွေကတော့ အနောက်နိုင်ငံတွေထက် စျေးချိုပြီး အမေရိကန် ဒါမှမဟုတ် ဗြိတိသျှ လုံခြုံရေးတစ်ယောက်ကို ငှားရမ်းရတဲ့ ကုန်ကျစရိတ်က တရုတ်လုံခြုံရေး ၁၂ ယောက် လောက် ငှားလို့ရတယ်လို့ တွက်ချက်မှုတစ်ခုအရ သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်ကောင်စီ နဲ့ ရုရှားက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး ဗာဂနာတချို့ ပြည်တွင်းကိုအဝင်အထွက်ရှိခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ရုရှားဗာဂနာအုပ်စုက ၂၀၁၄ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့အဖွဲ့ ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကစလို့ ဆီးရီးယားမှာ တွေ့မြင်ခဲ့ရပါတယ်။

ရုရှားစစ်သားဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဗာဂနာဟာ ဆီးရီးယား၊ လစ်ဗျား၊ ဗဟိုအာဖရိက နဲ့ မာလီတွေမှာ အစိုးရတပ်တွေနဲ့အတူ လှုပ်ရှားခဲ့ပါတယ်။

ဗာဂနာတပ်ဖွဲ့က ရေနံတွင်းတွေ၊ စိန်တွင်းတွေ၊ ရွှေတွင်းတွေကို လုံခြုံရေးပေးသလို သယံဇာတရှိတဲ့နေရာတွေကို ရှယ်ယာယူပြီး ဝင်တိုက်ပေးတဲ့ အလုပ်ကိုလည်းလုပ်ပါတယ်။

နောက်ထပ် အမျိုးအစားတစ်ခုက တရုတ် ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ တွေ ဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို လုံခြုံရေးတာဝန်ယူပေးပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စစ်သားဟောင်းတွေ ပါဝင်တဲ့ တရုတ်ကုမ္ပဏီတွေက ဗာဂနာလို စစ်ဝင်မတိုက်ဘဲ တရုတ်စီမံကိန်းတွေ နဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အဓိကအာရုံစိုက်ပါတယ်။

အာဖရိကက ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်စီမံကိန်းတွေမှာ တရုတ် ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီတွေကို တွေ့နိုင်ပါတယ်။

တရုတ် PMSCs တွေအကြောင်း အထူးပြုလေ့လာသူတစ်ဦးဖြစ်တဲ့ ကနေဒါ အခြေစိုက် ကာကွယ်ရေးဆိုင်ရာလေ့လာမှုဌာနက ဒေါက်တာခရစ်စတိုဖာ စပီယာရင်က သူ့စာတမ်းမှာ တရုတ် PMSCs တွေ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာ ဆယ်ချီရှိနေကြတဲ့အကြောင်း ထည့်ရေးပါတယ်။

Huaxin China Security ဆိုရင် အာဖရိကအငူကမ်းလွန်နဲ့ အရှေ့တောင်အာရှရေပြင်တွေမှာ သွားလာနေတဲ့ တရုတ်နာမည်ကျော်သင်္ဘောတွေအတွက် ပင်လယ်ဓားပြတိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေ

ဓာတ်ပုံ ရင်းမြစ်, Hua Xin Zhong An's WeChat

ဓာတ်ပုံ ပုံစာ, Huaxin China Security တရုတ်သင်္ဘောတွေအတွက် ပင်လယ်ဓားပြတိုက်ဖျက်ရေး လုပ်ဆောင်ပေးနေ

Dewei Security Group Limited၊ Chinese Poly-GCL Petroleum Group Holdings၊ Huaxin China Security၊ Guanan Security & Technology ကုမ္ပဏီတွေအပါအဝင် တရုတ်လုံခြုံရေးကုမ္ပဏီတွေက အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ လုံခြုံရေးပေးနေကြတယ်လို့ ဒေါက်တာခရစ်စတိုဖာက ဆိုပါတယ်။

Huaxin China Security ဆိုရင် အာဖရိကအငူကမ်းလွန်နဲ့ အရှေ့တောင်အာရှရေပြင်တွေမှာ သွားလာနေတဲ့ တရုတ်နာမည်ကျော်သင်္ဘောတွေအတွက် ပင်လယ်ဓားပြတိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေတယ်လို့ သူကဆိုပါတယ်။

တရုတ် ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ တွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အဖွဲ့ဝင်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားပေမယ့် PLA လက်အောက်က တိုက်ရိုက်သွားတာမဟုတ်ဘူး လို့ တရုတ်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

‘’တနည်းအားဖြင့်ပြောရရင်တော့ တရုတ်က ပြည်ပနိုင်ငံတွေကို PLA တွေ တိုက်ရိုက်လွှတ်မရလို့ PLA ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ PMSC တွေ လွှတ်နေတဲ့ သဘောပါပဲ’’ လို့ တရုတ်အရေးကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာ့ပြည်တွင်းစစ်မှာ ဗာဂနာအဖွဲ့ဝင်ဟောင်း‌တွေရဲ့ အဝင်အထွက်ကိုလည်း တွေ့ရသလို တရုတ်ထောက်လှမ်းရေးနဲ့ လုံခြုံရေးကုမ္ပဏီတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း တွေ့လာရတယ်လို့ လုံခြုံရေးအကဲခတ်တွေက ပြောပါတယ်။

အရင်ဆုံး မြန်မာစစ်တပ်နဲ့ ဗာဂနာရဲ့ အဆက်အစပ်အကြောင်း ကြည့်ကြရအောင်ပါ။

မြန်မာစစ်တပ် နဲ့ ဗာဂနာ အဆက်အသွယ်ရှိလား

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ရုရှား နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား ဆက်ဆံရေးပိုကောင်းလာ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ရုရှား နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား ဆက်ဆံရေးပိုကောင်းလာ

‘’စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား’’ ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ဧရာဝတီ သတင်းဌာနမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ပွဲတွေအကြောင်း ဖော်ပြနေတဲ့ တရုတ်ဝက်ဘ်ဆိုက် One Guide ရဲ့ သတင်းစဉ် ၆၁ ကို ကိုးကားပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မြန်မာပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ်မှတ်ယူပြီး တိုက်ဖျက်ရေးအတွက်အကူအညီပေးဖို့ ရုရှားကို အကူအညီ တိုက်ရိုက်တောင်းခဲ့ပါတယ်။

‘‘ကျွန်တော်တို့ အခု ရုရှားဆီကနေ အဓိကလိုချင်တာကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း အခု (မြန်မာမှာ) ဖြစ်နေတာတွေဟာ ပြည်တွင်းနိုင်ငံရေးသက်သက် မဟုတ်ဘဲ အကြမ်းဖက်မှုအဖြစ် မှတ်ယူရပါမယ်။ ဒါကို ရုရှားဘက်က အကြမ်းဖက်မှုလို့ သတ်မှတ်ရင် ရုရှားအစိုးရအေဂျင်စီတွေဟာ ကျွန်တော်တို့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပါဝင်နိုင်ပြီး ကျွန်တော်တို့ ရည်မှန်းချက်တွေကို အတူတကွ ရယူနိုင်မှာဖြစ်ပါတယ်’’ လို့ ရုရှားသတင်းဌာန Sputnik နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးခင်ရီက ပြောခဲ့တာပါ။

ဦးခင်ရီက အစိုးရကို ကိုယ်စားမပြုဘဲ သူ့ဆန္ဒကို ထုတ်ပြောတာမျိုးလည်း ဖြစ်နိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်ကြပေမဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်မှုနောက်ပိုင်း ရုရှားနဲ့အဆက်အသွယ်ကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

ဦးခင်ရီရဲ့ပြောကြားချက်က ဗာဂနာကို ဌားဖို့သဘောမဟုတ်ဘဲ မြန်မာနိုင်ငံထဲက အကြမ်းဖက်အဖွဲ့တွေကို နိုင်ငံတကာကပါ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပေးနိုင်ရေး ရုရှားကကူညီပေးဖို့ တောင်းဆိုတဲ့သဘောလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

‘’ ရုရှား ဗာဂနာ (ဝဂ္ဂနာ) ကြေးစားတပ် နဲ့ အရင်ကလည်းအဆက်အသွယ်မရှိသလို နောင်လည်းဆက်သွယ်ဖို့မရှိဘူး’ လို့ ဘီဘီစီရဲ့မေးမြန်းမှုကို သူက ဖြေကြားပါတယ်။

ဒါပေမဲ့ ဘီဘီစီရဲ့ စုံစမ်းမှုအရ မြန်မာစစ်တပ်က ဗာဂနာတပ်ဖွဲ့ နဲ့ လျှို့ဝှက် အဆက်အသွယ်ရှိပြီး မြန်မာစစ်ဗိုလ်ချုပ်တချို့ဆိုရင် ဗာဂနာခေါင်းဆောင် ပရီဂေါ့ဂျင် မကွယ်လွန်ခင်က တွေ့ဆုံခဲ့ဖူးတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မြန်မာစစ်တပ်က ဗာဂနာတပ်ဖွဲ့ နဲ့ လျှို့ဝှက် အဆက်အသွယ်ရှိခဲ့ဖူးတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဗာဂနာခေါင်းဆောင် ပရီဂေါ့ဂျင် နဲ့ ရုရှားသမ္မတပူတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗာဂနာခေါင်းဆောင် ပရီဂေါ့ဂျင် နဲ့ ရုရှားသမ္မတပူတင်

ရုရှားပြန် မြန်မာစစ်ဗိုလ်တွေဟာ ဗာဂနာအဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိပေမယ့် အလုပ်သဘောအရ မဟုတ်ဘူးလို့ စစ်ရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဗာဂနာကို တပ်ဖွဲ့လိုက် ငှားရမ်းအသုံးပြုမယ့် အခြေအနေမရှိသေးပေမယ့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ ရုရှားတွေထဲမှာ ဗာဂနာတွေပါဝင်ခဲ့တယ် လို့ လုံခြုံရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဘီဘီစီကိုပြောပါတယ်။

(မြန်မာနိုင်ငံထဲကိုဝင်လာခဲ့တဲ့ ဗာဂနာအဖွဲ့ဝင်တွေက ဗာဂနာတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေခြင်းရှိမရှိ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။)

ဗာဂနာတွေဟာ တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ အဓိကအားဖြင့် လေ့ကျင့်ရေး နဲ့ စစ်လက်နက်ပစ္စည်းတွေ အတွက် နည်းပညာအကူအညီပေးဖို့ ရောက်လာကြတာလို့ အကဲခတ်တွေက ဆိုပါတယ်။

ဗာဂနာတွေကို တစ်ဦးချင်းခေါ်ယူတဲ့အထဲ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တချို့ နဲ့ ငွေကြေးချမ်းသာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ပါ ပါဝင်ကြတယ်လို့ လုံခြုံရေးဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာတည်းသွားတဲ့ ဗာဂနာတွေ

ရုရှားက ဗာဂနာ တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားက ဗာဂနာ တပ်ဖွဲ့ဝင်တချို့

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဗာဂနာ သုံးဦး ရန်ကုန်က နာမည်ကြီးဟိုတယ်တစ်ခုမှာ ရက်အနည်းငယ် တည်းခိုသွားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကို ခရီးဆက်ခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

သူတို့ သုံးဦးဟာ ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ လေ့ကျင့်ရေးအစီအစဉ် တချို့ကို နည်းပြပေးခဲ့တယ်လို့ တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

PNO ရဲ့ ဒုစစ်ဦးစီးချုပ်လည်းဖြစ် စီးပွားရေးတာဝန်ခံလည်းဖြစ်တဲ့ ဦးနေဝင်းထွန်းဟာ တွင်းထွက်သယံဇာတနဲ့ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ပါတယ်။

သူက ရုရှားတွေ နဲ့အဆက်အသွယ်ရှိပြီး အဲဒီထဲမှာ တွင်းထွက်သယံဇာတနဲ့ပတ်သက်ပြီး အကျွမ်းတဝင်ရှိတဲ့ ဗာဂနာထွက်တွေ ပါလာနိုင်တယ် လို့ အကဲခတ်တွေက သုံးသပ်ကြတာပါ။

ဒီအကြောင်းနဲ့ ပတ်သက်လို့ PNO ကို ဘီဘီစီက အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် ဆောင်းပါးထုတ်တဲ့ရက်အထိ အကြောင်းပြန်မလာသေးပါဘူး။

ဦးနေဝင်းထွန်းရဲ့ မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကတော့ PNO ကို ရုရှားတွေ လေ့ကျင့်ပေးတာ မရှိဘူးလို့ ငြင်းပါတယ်။

‘’PNO က အစိုးရအဆက်ဆက်ကို သစ္စာရှိခဲ့တယ်’’ လို့ သူက ပြောပါတယ်။

PNO အမျိုးသမီးတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, PNO အမျိုးသမီးတပ်ဖွဲ့ဝင်တချို့

ဒါပေမဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို ရုရှားတွေ အဝင်အထွက်လုပ်နေခဲ့ပြီး တောင်ကြီးမြို့နယ်ထဲမှာရှိတဲ့ ပင်းပက်သံမဏိစက်ရုံကို အကြောင်းပြုလို့ဖြစ်ပါတယ်။

ဒီစီမံကိန်းက ရုရှားနဲ့ အကျိုးတူပူးပေါင်းလုပ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှား-မြန်မာ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကနေ ဗာဂနာတွေ ပါလာနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေရော တရုတ်ထောက်လှမ်းရေးကပါ သံသယထားပါတယ်။

‘’ခင်ဗျားပြန်ကြည့်ရင် တွေ့လိမ့်မယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားရဲ့ မထင်မရှား မြို့လေးတွေကနေတောင် မြန်မာပြည်ကို တိုက်ရိုက်ပျံခဲ့တဲ့ ခရီးစဉ်တွေ ရှိနေတတ်တယ်’’ လို့ ရုရှားနဲ့ စစ်ကောင်စီ ဆက်ဆံရေးကို စောင့်ကြည့်တဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။

တရုတ်ထောက်လှမ်းရေးဘက်က ရုရှားတွေရဲ့အဝင်အထွက်ကို အမြဲစောင့်ကြည့်နေပြီး ဗာဂနာ ဟုတ်မဟုတ် ထောက်လှမ်းလေ့ရှိတယ်လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

‘’ရုရှားကို ရန်သူလို့မမြင်ပေမယ့် ကြေးစားတွေကိုတော့ သူတို့ (တရုတ်) က မယုံဘူး။ ကြေးစားဆိုတဲ့သဘောက ပိုက်ဆံပိုပေးတဲ့ဘက် လိုက်တဲ့အတွက်လေ’’ လို့ သူက ပြောပါတယ်။

တရုတ်ဘက်က မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေစိမ့်ဝင်မလာဖို့ လူသိထင်ရှားလည်း သတိပေးပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်းသုံးစည်း ရှိတယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ တွေရဲ့ သြဂုတ် ၁၆ ရက် နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီစည်း ၃ စည်းက မြန်မာနိုင်ငံမှာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွားလို့မရခြင်း၊ အာဆီယံမိသားစုလမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်တယ်လို့ သူကပြောပါတယ်။

‘’ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း’’ ဆိုတဲ့စကားက အမေရိကန်ကိုသာမက ရုရှားကိုပါ သံတမန်ဆန်ဆန် ရည်ညွှန်းတာ လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

‘’အမေရိကန်လည်း ဝင်မလာနဲ့၊ ရုရှားလည်း ဝင်မလာနဲ့လို့ပြောတာပါပဲ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

အာဏာသိမ်းနိုင်ငံတွေ နဲ့ ဗာဂနာ ဆက်စပ်မှု

ရုရှားက ဗာဂနာ တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားက ဗာဂနာ တပ်ဖွဲ့ဝင်တချို့

အ‌နောက်အာဖရိကမှာရှိတဲ့ စစ်အာဏာသိမ်းနိုင်ငံတွေဖြစ်တဲ့ မာလီ၊ နီဂျဲနဲ့ ဘာကီနာဖာဆိုတို့က ဗာဂနာနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။

အစ္စလာမ္မစ်ပုန်ကန်မှုနဲ့အတူ အကြိမ်ကြိမ်စစ်အာဏာသိမ်းမှုတွေကြောင့် ကျဆုံးနိုင်ငံအဖြစ်ရှိနေခဲ့တဲ့ မာလီက ဗာဂနာကြေးစားတပ်ဖွဲ့နဲ့ အနီးကပ်ဆုံးဖြစ်ပါတယ်။

မာလီဟာ အရင်က Minusma လို့ခေါ်တဲ့ ကုလသမဂ္ဂကြီးကြပ်မှုအောက်ကနေလာတဲ့ လုံခြုံရေးအကူအညီကိုယူခဲ့ပြီး အဲဒီအစီအစဥ်မှာ ပြင်သစ်စစ်တပ်လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတာကြောင့် ပြင်သစ်ကိုမနှစ်သက်လို့ မာလီက ဗာဂနာအဖွဲ့ကို လက်ခံခဲ့ပါတယ်။

အဲဒီနိုင်ငံတွေကို စီမံနေတဲ့ စစ်ခေါင်းဆောင်တွေအတွက် ရုရှားရဲ့စစ်ဘက်ရေးရာ ခြေကုတ်ယူမှုက မြင်သာတဲ့အကျိုးကျေးဇူးတွေ ရှိနေတယ်လို့ အာဖရိက နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

အစောပိုင်းမှာ အဲဒီစစ်ခေါင်းဆောင်တွေက အသွင်ကူးပြောင်းရေးကာလ ခေါင်းဆောင်တွေဖြစ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပဖြစ်အောင်လုပ်ပေးပြီး ဒီမိုကရေစီနည်းကျဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းတွေ ပေါ်လာဖို့ လုပ်ခဲ့ပါတယ်။

‘‘ဒါပေမဲ့ စစ်ခေါင်းဆောင်တွေကို အကာအကွယ်ပေးဖို့ ရုရှားကြေးစားတွေကို ခေါ်သွင်းလာတော့ အဲဒီခေါင်းဆောင်တွေက အာဏာကို ကြိုက်သလောက် ယူထားလို့ရပြီလေ’’ အာဖရိက နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ အက်ဒဝီ ဆော်ဂို ဒဖားညာ က ပြောပါတယ်။

အက်ဒဝီက ဘီဘီစီ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့အတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Amber Advisers အတွက် အလုပ်လုပ်ပေးနေသူပါ။

စစ်ခေါင်းဆောင်တွေဟာ ပြင်သစ်တပ်ဖွဲ့တွေကို မာလီကနေ ထွက်ခိုင်းလိုက်ပြီး အခုတော့ ပြည်တွင်းလုံခြုံရေးအတွက် ဗာဂနာတပ်ဖွဲ့ကို အတော်လေး မှီခိုနေရတာကြောင့် မာလီနိုင်ငံသားတွေအပေါ် ရိုက်ခတ်မှုရှိလာတဲ့အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

အာဖရိကနိုင်ငံတွေမှာ ဗာဂနာလှုပ်ရှားခဲ့တဲ့ပုံစံမျိုး မြန်မာမှာဖြစ်လာမှာမဟုတ်ဘဲ အာဖရိကနဲ့မြန်မာ အခြေအနေမတူဘူးလို့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်အခြေစိုက် နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးဝင်းက ဗာဂနာ အဖွဲ့ဟာ ဆူဒန်၊ မာလီ၊ ဗင်နီဇွဲလား၊ လစ်ဗျား နဲ့ ဆီးရီးယားတို့မှာ မတူညီတဲ့ ပုံစံတွေ နဲ့ လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံ အခြေအနေနဲ့ ဆိုရင်တော့ ဗာဂနာကိုငှားခဲ့ရင် ဆူဒန် နဲ့ ဗင်နီဇွဲလား ပုံစံကပဲ ဖြစ်နိုင်ခြေရှိတယ်လို့ သူက သုံးသပ်ပါတယ်။

ဗာဂနာဟာ ဆူဒန် ပြည်တွင်းစစ်မှာ ရွှေတွင်း၊ သတ္တုတွင်းတွေကို ဝေစုယူပြီး တိုက်ခဲ့တာဖြစ်ပါတယ်။

‘’မိုးကုတ်လိုနေရာမျိုးကနေ ကျောက်တွင်းတွေ ပြန်ရရင် ဘယ်လောက်ရာခိုင်နှုန်းယူဆိုပြီး ဝင်တိုက်ခိုင်းတာ မျိုးပေါ့’’ လို့ ဦးအောင်မိုးဝင်းက သုံးသပ်ပါတယ်။

ဗင်နီဇွဲလားမှာ ဗာဂနာပတ်သက်ခဲ့တဲ့ ပုံစံက အစိုးရကို လုံခြုံရေးယူပေးဖို့ ငှားရမ်းခဲ့တဲ့ပုံစံလို့ သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြုဘူးလို့ ပြဋ္ဌာန်းထားတဲ့အတွက် စစ်ကောင်စီက ဗာဂနာကို ငှားရမ်းတာမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ စစ်ရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ အာဖရိကနိုင်ငံတွေမှာလည်း အလားတူပြဋ္ဌာန်းချက်တွေရှိပြီး အကျိုးစီးပွားနဲ့ယှဉ်လာရင် ဥပဒေကို လက်တစ်လုံးခြားလုပ်ကြတာပဲလို့ ဦးအောင်မိုးဝင်းက သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဗာဂနာကို တပ်ဖွဲ့လိုက်ငှားတာမျိုးမဟုတ်ဘဲ ပြည်သူ့စစ်တွေကို ကွန်မန်ဒို အသွင်ပြောင်းဖို့ လေ့ကျင့်ပေးတဲ့နေရာမှာ သင်တန်းနည်းပြအဖြစ် တစ်ဦးချင်းငှားတာမျိုး စဉ်းစားနိုင်တယ်လို့ အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကတော့ သူတို့ရဲ့သင်တန်းတွေမှာလက်ရှိအချိန်အထိ ရုရှားနည်းပြဆရာတွေ မပါသေးဘဲ မြန်မာစစ်တပ်ကပဲ လေ့ကျင့်ပေးနေတယ်လို့ ဘီဘီစီရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

မြန်မာထဲက တရုတ်လုံခြုံရေးကုမ္ပဏီတွေ

ကျောက်ဖြူအထူးစီးပွားရေးဇုန်

ဓာတ်ပုံ ရင်းမြစ်, CITIC

ဓာတ်ပုံ ပုံစာ, ကျောက်ဖြူအထူးစီးပွားရေးဇုန်

မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းကြီးတွေမှာ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ ရှိကြပါတယ်။

PLA ဟောင်းအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဒီကုမ္ပဏီတွေက လက်နက်မကိုင်ကြပါဘူး။

စစ်ရေးနည်းပညာသစ်တွေသုံးဖို့ အရည်အချင်းနိမ့်လို့ အနားပေးခံရတဲ့ PLA တပ်ဖွဲ့ဝင်တွေ နဲ့ နှစ်စဉ်ပင်စင်ပေးခံရတဲ့ PLA တွေ အမြောက်အများရှိနေပြီး သူတို့က လုံခြုံရေးကုမ္ပဏီတွေ နဲ့ သက်တော်စောင့်အလုပ်တွေကို ဝင်လုပ်ကြပါတယ်။

သူတို့က လုံခြုံရေးသင်တန်းပေးတာ၊ သတင်းကြိုတင်ထောက်လှမ်းတာ နဲ့ အရေးပေါ်အခြေအနေတွေမှာ စီမံကိန်းထဲက တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အတွက် အဓိကအာရုံစိုက်ပါတယ်။

‘’ဒီကုမ္ပဏီတွေက တရုတ်ထောက်လှမ်းရေးနဲ့ တိုက်ရိုက်ဆက်သွယ်အလုပ်လုပ်တယ်’’ လို့ တရုတ်သံရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက ခွင့်ပြုချက်ရခဲ့တဲ့ Frontier Services Group (FSG) လုံခြုံရေးကုမ္ပဏီက လူသိများပါတယ်။

FSG ရဲ့ ဥက္ကဋ္ဌ Mr. Chang Zhenming က ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ လုပ်ကိုင်ခွင့်ရထားတဲ့ CITIC ကုမ္ပဏီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

FSG ဝင်လာတုန်းက ဝေဖန်မှုတွေရှိခဲ့ပြီး အမေရိကန် Blackwater ပုဂ္ဂလိကစစ်ဘက်လုံခြုံရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ အဲရစ်ပရင့် ပါလာခဲ့လို့ ဖြစ်ပါတယ်။

အမေရိကန် Blackwater ပုဂ္ဂလိကစစ်ဘက်လုံခြုံရေးအဖွဲ့ကို  ပူးတွဲတည်ထောင်သူ အဲရစ်ပရင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် Blackwater ပုဂ္ဂလိကစစ်ဘက်လုံခြုံရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ အဲရစ်ပရင့်

ဘလက်ဝါးတားဟာ ၂၀၀၇ ခုနှစ်က ဘဂ္ဂဒက်မြို့မှာ အရပ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့တဲ့အမှု နဲ့ နာမည်ပျက်ခဲ့ပြီး ကုမ္ပဏီက အမေရိကန် လုံခြုံရေး ၄ ဦး ၂၀၁၅ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

၂၀၁၈ မှာ မြန်မာနိုင်ငံကို FSG နဲ့အတူ အဲရစ်ပရင့်ပါလာလို့ ဝေဖန်ခဲ့ကြတဲ့နောက်ပိုင်း လက်ရှိကုမ္ပဏီရဲ့ အမှုဆောင်စာရင်းမှာ သူ့နာမည်ကို မတွေ့ရတော့ပါဘူး။

တရုတ်စီမံကိန်းတွေရှိတဲ့ နယ်မြေတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ အရင်ကထက် ပိုအလုပ်များလာပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ဆက်စပ်ဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၉ ခုက ၁၀ ခုကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ဖော်ပြပါတယ်။

အဲဒီစီမံကိန်းတွေက ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်း-မဲခေါင် သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ စင်တာ၊ ဂုတ်ထိပ်တံတားနဲ့ လမ်းသစ်စီမံကိန်း၊ ဆင်းရွှေလီ (၂) သကြားစက်ရုံ၊ အယ်လ်ဖာဘိလပ်မြေစက်ရုံ နဲ့ တကောင်းနီကယ်စက်ရုံတွေဖြစ်ကြပါတယ်။

မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ဂုတ်ထိပ်တံတားနဲ့ လမ်းသစ်စီမံကိန်း တွေက အကောင်အထည်မဖော်ရသေးပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံ နဲ့ မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေ စက်ရုံတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တကောင်းနီကယ်စက်ရုံ

ဓာတ်ပုံ ရင်းမြစ်, Geological Knowledge & Sharing

ဓာတ်ပုံ ပုံစာ, တကောင်းနီကယ်စက်ရုံ

တကောင်းနီကယ်စက်ရုံ ဆက်လက်လည်ပတ်ရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရုတ်နဲ့ ဆွေးနွေးနေတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူတွေက ထုတ်ပြောကြပေမယ့် အသေးစိတ်ကို မပြောပြပါဘူး။

ဒါပေမဲ့ စက်ရုံပုံမှန်လည်ပတ်ရေးနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးကို တာဝန်ယူတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောထားပါတယ်။

‘’အဲဒီတုန်းက NUG က စကားပြောတယ်ဆိုတာ လုံခြုံရေးကုမ္ပဏီနဲ့ ဖြစ်ဖို့များတယ်။ အစိုးရနဲ့ မဟုတ်လောက်ဘူး’’ လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ ခရီးစဉ်မှာရော သံအမတ်ကြီးအသစ် မာကျား ရဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေမှာပါ တရုတ်စီမံကိန်းတွေ နဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ဆက်တိုက် တောင်းဆိုနေတာဖြစ်ပါတယ်။

တရုတ်က သူ့စီမံကိန်းတွေရဲ့ လုံခြုံရေးကို ပိုမြှင့်ချင်နေပုံပေါ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

‘’အရင်တုန်းက စစ်ဖြစ်မနေဘူးလေ။ အခုလိုစစ်ဖြစ်နေတဲ့အခြေအနေမှာ ပိုမြှင့်ချင်မှာပေါ့။ အာဖရိကမှာလည်း ဒီလိုပဲ ခဏခဏသတိပေးခဲ့ဖူးတယ်’’ လို့ ဦးအောင်မိုးဝင်းက ပြောပါတယ်။

ဒါပေမဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကို အကြောင်းပြုပြီး မြန်မာနိုင်ငံထဲကိုရောက်နေတဲ့ တရုတ်ထောက်လှမ်းရေးတွေဟာ တရုတ်စီမံကိန်းတွေ နဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုပါ တွဲလုပ်နေရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေကပြောပါတယ်။

ရန်ကုန် နဲ့ မန္တလေးမှာ အများဆုံးဖြစ်ပြီး နည်းပညာကျွမ်းကျင်သူတွေလို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ကြေးစားစစ်သားဆက်နွှယ်မှု

ကိုးကန့်တပ် MNDAA မှာ ပြင်ပကြေးစားတွေပါဝင်တယ်လို့ မြန်မာစစ်တပ်စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ကိုးကန့်တပ် MNDAA မှာ ပြင်ပကြေးစားတွေပါဝင်တယ်လို့ မြန်မာစစ်တပ်စွပ်စွဲ

၂၀၁၅ ခုနှစ် လောက်ကိုင် တိုက်ပွဲမှာ ကိုးကန့်တပ် MNDAA က ကြေးစားစစ်သားတွေသုံးတယ် လို့ ကာကွယ်ရေးဝန်ကြီး လုပ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တခါ ၁၀၂၇ စစ်ဆင်ရေး မှာ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ပြင်ပကြေးစား နည်းပညာရှင်တွေနဲ့ ပူးပေါင်းခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျခဲ့ပြီးတဲ့နောက် ပြောတဲ့မိန့်ခွန်းမှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။

‘’သူတို့သုံးစွဲနေတဲ့ Drone တွေဟာ ပြည်ပဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစား နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမို အသုံးဝင်အောင် ပြုပြင်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်’’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်က EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်း မီးကျောက်စက်ရုံတွေ ရှိနေပြီး ဒီလိုထူထောင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ဘူး လို့ မြန်မာစစ်တပ်က ရှုမြင်ပါတယ်။

‘’ငွေကြေးအင်အားနဲ့ နည်းပညာအင်အားတွေများစွာလိုအပ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ ငွေကြေးနဲ့နည်းပညာအင်အား ဘယ်နေရာကရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှာဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်တွေအပေါ် တုံ့ပြန်မှုရဖို့ တအာင်းတပ် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဘီဘီစီက ဆက်သွယ်မေးကြည့်တဲ့အခါမှာ ‘’လတ်တလော အဖြေမပေးနိုင်သေးဘူး’’ လို့ ပြောပါတယ်။

၂၀၁၅ လောက်ကိုင်တိုက်ပွဲတုန်းက ကိုးကန့်ကကြေးစားစစ်သားတွေအသုံးပြုခဲ့တယ်လို့ ထွက်ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ၂၀၁၅ လောက်ကိုင်တိုက်ပွဲတုန်းက ကိုးကန့်ကကြေးစားစစ်သားတွေအသုံးပြုခဲ့တယ်လို့ ထွက်ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး

MNDAA နဲ့ နီးစပ်သူတစ်ဦးကတော့ ကိုးကန့်တပ်ဟာ ငွေကြေးတတ်နိုင်တဲ့အခြေအနေအပေါ် မူတည်ပြီး ကြေးစားစစ်သားဆန်ဆန် ငှားရမ်း လက်နက်တပ်ဆင်တာတွေ လုပ်လေ့ရှိတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

‘’ကျွန်‌တော်တို့အတွက်ကတော့ ကြေးစားစစ်သားဆိုတဲ့ စကားလုံးက တမျိုးကြီးတောင်ဖြစ်နေတယ်။ တကယ်က ဟိုဘက်ဒီဘက် မျိုးနွယ်တူ၊ ဘာသာစကားတူတာဆိုတော့ ခွဲပြီးတောင်မမြင်မိဘူး’’ လို့ သူက ပြောပါတယ်။

MNDAA မှာ PLA က စစ်သားဟောင်းတချို့ ပါဝင်ပြီး အငြိမ်းစားယူထားတဲ့သူတွေရော အထုတ်ခံထားရတဲ့ သူတွေပါ ရှိတယ်လို့ သူက ပြောပါတယ်။

“တရုတ်စစ်တပ်ကနေ ငှားပေးတာမျိုး၊ ကုမ္ပဏီတွေကနေ ရောက်လာတာမျိုး မဟုတ်ဘူး။ လိုရင် ဒီလိုပဲ အဆက်အသွယ်နဲ့ စုခိုင်းလိုက်တာပဲ’’ လို့ သူက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာစစ်တပ်အထိနာခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်ပ ပညာရှင်တွေ ပါဝင်နေတယ်ဆိုတာ သံသယ ဖြစ်စရာမလိုဘူးလို့ လုံခြုံရေးဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတချို့က ပြောကြပါတယ်။

ပြည်ပပညာရှင်တွေက တိုက်ပွဲမှာ ဝင်တိုက်ပေးတာမျိုးထက် သင်တန်းပေးတာ နဲ့ စစ်ရေးအကြံပေးတာ ကို အဓိကလုပ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဒါပေမဲ့ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ‘’ပိုက်ဆံယူပြီးတိုက်တဲ့အဖွဲ့တချို့ရှိတယ်’’ လို့ အကဲခတ်တချို့က ပြောပါတယ်။

အဲဒီအဖွဲ့တွေက တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ နဲ့ မသက်ဆိုင်ပါဘူး။

တရုတ်ကြေးစားတပ်တချို့က ရုရှား နဲ့အမေရိကန်ဆီက အတုယူထားပြီး အစိုးရနဲ့တရားဝင် မပတ်သက်တဲ့ တိုက်ခိုက်ရေးတပ်အသွင်ယူထားတာလည်းရှိတဲ့အကြောင်း မြန်မာ့အရေးသုတေသီ ဦးအောင်မိုးဝင်းက ပြောပါတယ်။

‘’ကြေးစားတပ်သားတစ်ယောက်သေရင် ယွမ် ငါးသောင်း လျော်ကြေးရမယ်၊ လစာအနေနဲ့က ယွမ် သုံးထောင်၊ အကြမ်းဖျင်းပေါ့’’ လို့ သူက ပြောပါတယ်။

ကြေးစားတပ်သားငှားရမ်းမှုနဲ့ပတ်သက်ရင် ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်မှ မကင်းဘူး လို့ သေနင်္ဂအင်စတီကျုက ဦးသိန်းထွန်းဦးက ပြောပါတယ်။

‘’ငွေကြေးတတ်နိုင်တဲ့ အပေါ်မူတည်ပြီး နိုင်ငံစုံက ကြေးစားတွေကို လက်နက်ကိုင်တပ်တွေက ငှားနိုင်တယ်’’ လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

PMC တွေရဲ့ သဘောသဘာဝအတိုင်း အထောက်အထားပြဖို့တော့ ခက်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တပ်ဆင်၊ ကိုင်တွယ်ပစ်ခတ်ပုံကို ကြည့်ပြီး ဘယ်နိုင်ငံက လေ့ကျင့်ပေးထားတယ် ဆိုတာ အကြမ်းဖျင်း ခွဲခြားနိုင်တယ် လို့ လုံခြုံရေးကဏ္ဍလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ဘာတွေဆက်ဖြစ်လာနိုင်လဲ

အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ် နဲ့ ရွှေဆိုင်တွေကို ဓားပြတိုက်တာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကလုပ်ငန်းရှင်ကြီးတချို့က သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ လက်နက်ကိုင်ဆောင်ခွင့်ရမယ့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမျိုး ထောင်ချင်နေကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

‘’တပ်ကခွင့်မပြုဘူး။ ခွင့်ပြုရင် လုပ်မယ့်လူတွေ တန်းစီနေတာပဲ။ လက်နက်တပ်ဖို့ရော၊ လခပေးဖို့ရော အသင့်ရှိကြတယ်’’ လို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ပြည်သူ့စစ်တွေကိုတောင် လက်နက်တပ်ဆင်ပေးဖို့ စိစစ်လွန်းတာကြောင့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို လက်နက်တပ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ သူက သုံးသပ်ပါတယ်။

အရပ်သားတွေကို လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်ခွင့်ပြုဖို့ စစ်ကောင်စီက မူဝါဒချမှတ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာသေးပါဘူး။

မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ မဖြစ်လာနိုင်သေးဘူးလို့ ခန့်မှန်းနေကြပေမယ့် နိုင်ငံတကာမှာတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရဲ့ စျေးကွက်က ပိုကြီးလာဖို့ရှိတယ်လို့ လုံခြုံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အထူးသဖြင့် တရုတ်ရဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း (BRI) စီမံကိန်းကို ချဲ့ထွင်တာနဲ့အမျှ PMSCs တွေအပေါ် မှီခိုမှုက ပိုကြီးမားလာလိမ့်မယ်လို့ လုံခြုံရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။

တရုတ်ပြည်တွင်းမှာတင်ပဲ ၂၀၁၇ ခုနှစ် စာရင်းအင်းတွေအရ လုံခြုံရေးကုမ္ပဏီ ၅၈၀၀ ရှိနေပြီး ဝန်ထမ်း ငါးသန်းကျော်ကို ခန့်အပ်ထားတယ် လို့ PMSCs တွေအကြောင်း အထူးပြုလေ့လာသူတစ်ဦးဖြစ်တဲ့ ကနေဒါ အခြေစိုက် ကာကွယ်ရေးဆိုင်ရာလေ့လာမှုဌာနက ဒေါက်တာခရစ်စတိုဖာ စပီယာရင်က သူ့စာတမ်းမှာ ထည့်ရေးပါတယ်။

အလားတူ ဒေါ်လာ ဘီလျံ ချီတန်တဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေကို ထိန်းချုပ်ထားတဲ့ ဗာဂနာအဖွဲ့ကလည်း ဆီးရီးယား၊ မာလီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ(CAR)၊ ဆူဒန်နဲ့ လစ်ဗျားနိုင်ငံတို့မှာ လှုပ်ရှားခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မှုမှာလည်း အခရာကျတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက်မှာ ရုရှားစစ်ဘက်ထောက်လှမ်းရေးဟာ ဗာဂနာအဖွဲ့ပုံစံကို ယူပြီး ကြေးစားအဖွဲ့ ကွန်ရက်ကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကို Redut လို့ တပေါင်းတစည်းတည်း နာမည်ပေးပါတယ်။

တရုတ် PMSC တွေ နဲ့ ဗာဂနာ တို့ အာဖရိကမှာ ဖြန့်ကျက်နေတာကို အမေရိကန်ကလည်း စောင့်ကြည့်နေပါတယ်။

၂၀၁၉ ခုနှစ်က အမေရိကန်အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီရဲ့ ကြားနာစစ်ဆေးမှုအတွင်း အမေရိကန်စစ်တပ်ရဲ့ အာဖရိကကွပ်ကဲရေးတပ်မှူး က အခုလိုပြောပါတယ်။

“အာဖရိကမှာ တရုတ်က ငွေတွေယူလာပြီး ရုရှားက ကြွက်သား (အင်အားတောင့်တင်းမှု)တွေ ယူလာတယ်” လို့ သူကပြောခဲ့ပါတယ်။

သမ္မတရှီကျင့်ဖျင်က အာဖရိကနိုင်ငံတွေကို အကူအညီ၊ ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံဆယ်ချီ သုံးတာကို ရည်ညွှန်းပြီး လစ်ဗျား၊ ဆူဒန်နဲ့ ဗဟိုအာဖရိကမှာ ဗာဂနာအဖွဲ့ကို အားကိုးနေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

အာဖရိကလောက် ရင်းနှီးမြှုပ်နှံမှု မကြီးမားပေမယ့် စစ်အာဏာသိမ်းမှုရေခံမြေခံတူညီမှု၊ ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေးကောင်းမှု နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ မြန်မာမှာလည်း ရုရှားနဲ့ တရုတ်ရဲ့ PMSC အငွေ့အသက်တွေကို တွေ့ နေရပြီ လို့ လုံခြုံရေးဆိုင်ရာအကဲခတ်တွေက သုံးသပ်ပါတယ်။