ထရမ့်ရဲ့ရွှေကွန်ချာ ဒုံးကျည်ကာကွယ်ရေးစနစ်ဆိုတာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်မလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းထဲက သူ့ရဲ့ထိုင်ခုံနေရာမှာထိုင်နေပြီး သူ့ဘေးမှာတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတာဟဇ်တ်က ရပ်နေခဲ့ပြီး ရွှေကွန်ချာဒုံးကျည် ကာကွယ်ရေး စနစ်ပိုစတာကိုလည်းပြသထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေါ်နယ်ထရမ့်က ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးပုံစံကို ဘဲဥပုံရုံးခန်းအတွင်း ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်သ်နဲ့ အတူ ထုတ်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့အနာဂတ်ချင့်မြှော် ရွှေကွန်ချာ(The Golden Dome) ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ သူ့သမ္မတသက်တမ်းကုန်ဆုံးမယ့် နောက်ဆုံးကာလအတွင်းမှာပဲ ''အပြည့်အဝ အသုံးပြုနိုင်လိမ့်မယ်'' လို့ ထုတ်ပြောလာပါတယ်။

ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅ ဘီလျံရှိပြီး စုစုပေါင်းကုန်ကျစရိတ်ဟာ ၁၇၅ ဘီလျံနီးပါးရှိနိုင်မယ်လို့ သမ္မတက ခန့်မှန်းပါတယ်။ ဒါပေမဲ့ အဆုံးမှာ ကုန်ကျစရိတ်ဟာ အဲဒီ ပမာဏရဲ့ ၃ ဆနီးပါး ရှိနိုင်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစီအစဉ်တွေထဲမှာတော့ မြေပြင်၊ ပင်လယ်ပြင်နဲ့ အာကာသတို့အထိ ချိတ်ဆက်လွှမ်းခြုံမယ့် "မျိုးဆက်သစ်" နည်းပညာကွန်ရက်တွေ ပါဝင်မှာဖြစ်ပါတယ်။ အထူးသဖြင့် အာကာသထဲမှာထားမယ့် ကြားဖြတ်စက်တွေနဲ့ ဝင်လာတဲ့ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ရည်ရွယ်တဲ့ စနစ်တွေ ပါဝင်မှာပါ။

ရုရှားနဲ့ တရုတ်လို နိုင်ငံတွေကနေ ဖြစ်လာနိုင်ခြေရှိတဲ့ ခေတ်မီဆန်းပြားတဲ့ လေကြောင်းခြိမ်းခြောက်မှုတွေကို တန်ပြန် ခုခံဖို့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ကို ရှိနှင့်ပြီးသား ကာကွယ်ရေးစနစ်အပေါ်မှာ ချဲ့ထွင်တည်ဆောက်မှာဖြစ်ပါတယ်။

ရွှေကွန်ချာ ဒုံးကာစနစ် ဘယ်လိုအလုပ်လုပ်မှာလဲ

တာတိုဒုံးကျည်တွေ အန္တရာယ်ကို ရေဒါနဲ့ စောင့်ကြည့် ဖြတ်ချတဲ့ အစ္စရေးတို့ရဲ့ သံကွန်ချာ (Iron Dome) ကာကွယ်ရေးစနစ်ကို အာရုံစိုက်ရာကနေ ထရမ့်ရဲ့ အခုအစီအစဉ် ထွက်ပေါ် လာတာလို့ ဆိုနိုင်ပါတယ်။ အစ္စရေးဟာ သံကွန်ချာ ဒုံးကျည်ဖြတ်စနစ်ကို အသုံးပြုနေတာ ၂၀၁၁ ခုနှစ် ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်က သုံးမယ်လို့ စီစဉ်နေတဲ့ ရွှေကွန်ချာကတော့ အဆပေါင်းများစွာ ပိုကြီးမားမှာဖြစ်သလို ခြိမ်းခြောက်မှုမျိုးစုံကိုလည်း တိုက်ဖျက်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒီကာကွယ်ရေးစနစ်မှာတော့ အရင်တုန်းက စျေးကြီးလွန်းလို့ သုံးဖို့ အကန့်အသတ်ဖြစ်ခဲ့ပေမဲ့ ဒီနေ့ကာလမှာ လက်လှမ်းမီဖို့ ပိုဖြစ်နိုင်တဲ့ ဂြိုဟ်တုတွေ ရာချီပါနိုင်ခြေရှိတဲ့ကွန်ရက်ကိုလည်း သုံးနိုင်ခြေရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ရော်နယ်ရေဂင်(သမ္မတ) လက်ထက်ကတည်းက ဒီစနစ်ကို လုပ်ချင်နေခဲ့တာပါ။ ဒါပေမဲ့ သူတို့မှာ နည်းပညာ မရှိခဲ့ဘူး''  လို့ ထရမ့်က ပြောပါတယ်။

၁၉၈၀ ကာလတွေတုန်းက အဲဒီအချိန်က သမ္မတရေဂင် အဆိုပြုခဲ့ဖူးပြီး အများက "Star Wars" လို့သိခဲ့ကြတဲ့ အာကာသအခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ထရမ့်က ပြောတာဖြစ်ပါတယ်။

ရွှေကွန်ချာ ဒုံးကာစနစ်က "ကမ္ဘာတစ်ခြားဘက်ခြမ်းကနေ ပစ်တာ ဒါမှမဟုတ် အာကာသကနေပစ်တဲ့ ဒုံးကျည်တွေကိုတောင်မှ ကြားဖြတ်နိုင်တဲ့လုပ်နိုင်စွမ်းရှိမယ်" လို့ ထရမ့်က ပြောပါတယ်။

အသံထက်မြန်တဲ့နှုန်းနဲ့ ပစ်နိုင်တဲ့ ဟိုက်ပါဆိုနစ်စနစ် လက်နက်လိုမျိုးအပါအဝင် ဖျက်အားပြင်းဒုံးကျည်တွေနဲ့ ကွန်ပျူတာနဲ့ထိန်းချုပ်ပြီး တစ်ခါတရံမှာ နျူကလီးယားထိပ်ဖူးတပ်ထားနိုင်တဲ့ ဒုံးကျည်မျိုးတွေကို ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်တည်ဆောက်မှာဖြစ်ပါတယ်။

ရွှေကွန်ချာစနစ်ဟာ "ရာနဲ့ချီတဲ့ ဂြိုဟ်တုတွေကိုပေါင်းထားတဲ့ ဂြိုဟ်တုအစု အစု ၃ ခု၊ ၄ ခုလောက်ရဲ့ အားကို မီခိုရမယ်" လို့ အမေရိကန်ဆိုက်ဘာနဲ့ နည်းပညာဖွံ့ဖြိုးမှုဌာနရဲ့ အကြီးတန်းညွှန်ကြားရေးမှူး၊ ရေတပ်ဗိုလ်ချုပ်အငြိမ်းစား မက်ခ် မောဒ့်ဂိုမာရီက ဘီဘီစီကို ပြောပါတယ်။

"ထောက်လှမ်းမယ့် ဂြိုဟ်တုတွေရှိမယ်၊ ရာနဲ့ချီလိမ့်မယ်။ အဲဒီဂြိုဟ်တုတွေက ထောက်လှမ်းမှု ကို လုပ်မယ်။ အဲဒီနောက်တော့ (ရန်သူ့ဒုံးကျည်တွေလို) ရွေ့နေတဲ့ လက်နက်တွေကို သယ်လာတဲ့ဟာမျိုး၊ ပစ်ချဖို့လိုတဲ့အရာကို ပစ်ချနိုင်ရေးလုပ်မယ့် ဂြိုဟ်တုတွေ ရှိလိမ့်မယ်" လို့ သူက ဘီဘီစီရဲ့ နယူးစ်ဒေး အစီအစဥ်ကို ပြောပါတယ်။

ရွှေကွန်ချာဒုံးကာစနစ်ကို သုံးနှစ်အတွင်း တည်ဆောက်နိုင်မှာလား

အမေရိကန်မြေပုံနဲ့ ရွှေကွန်ချာဒုံးကာစနစ်ကို ပုံဖော်ထားတဲ့ပုံ အရှေ့က သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွှေကွန်ချာဒုံးကာစနစ်က "ကမ္ဘာတစ်ခြားဘက်ခြမ်းကနေ ပစ်လာတဲ့ ဒါမှမဟုတ် အာကာသကနေ ပစ်တဲ့ ဒုံးကျည်တွေကိုတောင်မှ ကြားဖြတ်နိုင်တဲ့လုပ်နိုင်စွမ်းရှိတယ်" လို့ ထရမ့်က ပြောပါတယ်

အမေရိကန်စစ်တပ်ဟာ ဒီအစီအစဥ်ကို အလေးထား အကောင်အထည်ဖော်မယ့်ပုံပေါ်ပေမဲ့ ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်း အပြီးသတ်ဖို့ဆိုတာ လက်တွေ့ မကျသလို ကုန်ကျစရိတ်အပိုင်းမှာ အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ကို ဒီအစီအစဉ်က အများကြီးဖဲ့ယူတာမျိုး ဖြစ်လာ လိမ့်မယ်လို့ The Economist သတင်းစာရဲ့ ကာကွယ်ရေးကဏ္ဍဆိုင်ရာအယ်ဒီတာ ရှဟတ်ခ် ဂျိုစ်ဟီက ပြောပါတယ်။

ရေတပ်ဗိုလ်ချုပ်ဟောင်း မက်ခ် မောဒ့်ဂိုမာရီကလည်း ဒီထောက်ပြချက်ကို လက်ခံပါတယ်။

"ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ဆိုရင် ၅ နှစ်ကနေ ၇ နှစ်၊ ၁၀ နှစ် လောက်အထိ အချိန်ယူလုပ်ရမယ့်လုပ်ငန်းမျိုး"

"ကျွန်တော်တို့အတွက်ပိုပြီး လုံခြုံအောင်လုပ်ပေးနိုင်မယ့် အရာ ၃ နှစ်အတွင်းရှိလာနိုင်မလား'' လို့ သူက မေးခွန်းထုတ်ပါတယ်။ "၁၀၀ ရာခိုင်နှုန်း လုံခြုံတဲ့စနစ်" ဆိုတာတော့ လက်ရှိသမ္မတသက်တမ်းကုန်ခါနီးမှာ ပေါ်လာနိုင်ခြေမရှိဘူးလို့လည်း သူကပြောပါတယ်။

အမေရိကန် ကွန်ကရက်လွှတ်တော်ကို စီးပွားရေးဆိုင်ရာချင့်တွက် အကဲဖြတ်မှုတွေကို လုပ်ပေးရတဲ့ အမေရိကန်အစိုးရရဲ့ ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်ရုံးကတော့ မြေပြင်ကို ထည့် မတွက်သေးဘဲ လုံခြုံရေးစနစ်ရဲ့ အာကာသမှာ ထားရှိမယ့် စနစ်အပိုင်းကိုပဲ တွက်ဆကြည့်ရင် အနှစ် ၂၀ လောက်ကြာနိုင်ပြီး ဒေါ်လာ ၅၄၂ ဘီလျံအထိ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

ရွှေကွန်ချာ ဒုံးကာစနစ်ကို ဘယ်သူ ဦးဆောင်မှာလဲ

ဒေါ်လာဘီလျံ ချီမယ့် ဒီစီအစဥ်ကို အမေရိကန်အာကာသတပ်ဖွဲ့ ဗိုလ်ချုပ် မိုက်ကယ် ဂုကလိုင်းက ဦးဆောင်မှာဖြစ်ပါတယ်။

သူက အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ အာကာသဆိုင်ရာစစ်ဆင်ရေးတွေရဲ့ ဒုတိယအကြီးအကဲအဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တာဝန်ယူနေ သူပါ။ အဲဒီအဖွဲ့ဟာ "ဒုံးကျည်သတိပေးချက်၊ အာကာသကြီးစိုးမှု သတိပေးမှု၊ ပြိုင်ဘက်အနေအထား၊ လမ်းညွှန်မှုနဲ့ အချိန်ကိုက်မှု၊ ဆက်သွယ်ရေးနဲ့ အာကာသအီလက်ထရောနစ်စစ်ဆင်နွဲမှု" စတာတွေကို တာဝန်ယူတဲ့ မေရိကန်စစ်တပ်ရဲ့ တပ်ဖွဲ့ခွဲဖြစ်ပါတယ်။

ဗိုလ်ချုပ် ဂုကလိုင်းကတော့ ထရမ့်ဟာ အရည်အချင်းရှိသူတစ်ဦးဖြစ်တယ်လို့ ချီးကျူးစကားပြောပါတယ်။ ထရမ့်ဟာ အာကာသနဲ့ ဒုံးကျည်ထောက်လှမ်းမှုဆိုင်ရာ အခန်းကဏ္ဍ အရေးပါတယ်ဆိုတာကို ဆောင်ကျဉ်းပြလာသူဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဗိုလ်ချုပ် ဂုကလိုင်းဟာ အာကာသစနစ်များကွပ်ကဲမှုခေါင်းဆောင်နဲ့ အဝေးထိန်း အာရုံခံစနစ်များဆိုင်ရာညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ အိုကလာဟိုမားပြည်နယ်မှာ မွေးဖွားပြီး အိုကလာဟိုမားတက္ကသိုလ်ကနေကျောင်းပြီးတဲ့နောက် ၁၉၉၁ ခုနှစ်မှာ အမေရိကန်လေတပ်ထဲဝင်ရောက်ကာ အခုလိုနေရာကိုရောက်လာသူဖြစ်ပါတယ်။

ရွှေကွန်ချာဒုံးကာစနစ်အကြောင်း တရုတ်နဲ့ ရုရှားတို့ ဘယ်လို မှတ်ချက်ပေးကြလဲ

အခုဒုံးကာစနစ်ဟာ ရုရှားနဲ့ တရုတ်တို့က ပစ်လွှတ်လိုက်မယ့် ဒုံးကျည်တွေကို ကာကွယ်ဖို့ အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။

အမေရိကန် စစ်ဘက်ထောက်လှမ်းရေး အေဂျင်စီက မကြာသေးခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအကျဥ်းမှာဆိုရင် ''နည်းပညာမြင့်ပြီး အတိုင်းအဆကြီးမားတဲ့'' ဒုံးကျည်ခြိမ်းခြောက်မှုတွေ ရှိနေပြီး ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန် ကာကွယ်ရေး စနစ်ကြားက ''ဟာကွက်တွေကို အမြတ်ထုတ်နိုင်မယ့်''  စနစ်တွေကို တက်တက်ကြွကြွ ပုံစံထုတ် ဖန်တီးနေကြတယ်လို့လည်း စွပ်စွဲပါတယ်။

တရုတ်နဲ့ ရုရှားတို့ကတော့ အခုလိုသဘောထားနဲ့ပြောဆိုချက်ဟာ ''မတည်ငြိမ်မှုကို အတော်လေး ဖြစ်စေတယ်'' လို့ ဝေဖန်ပါတယ်။

(အမေရိကန်)ရဲ့ ဒုံံးကျည်ကာကွယ်ရေးစနစ်အသစ်ဟာ'' အာကာသထဲက တိုက်ရေးခိုက်ရေးတွေမှာ လက်နက်အင်အားကို သိသိသာသာ ခိုင်မာသွားစေလိမ့်မယ်'' လို့ ကရင်မလင်နန်းတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။ အခုလအစောပိုင်းမှာ တရုတ်နဲ့ ရုရှားတို့ ဆွေးနွေးပြောဆိုမှုအပြီးမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ဗ် ကတော့ ''အမေရိကန်ရဲ့ အခုအစီအစဉ်ဟာ အမေရိကန်ရဲ့အချုပ်အခြာနဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး ဒီကိစ္စကြောင့်ပဲ နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်စတင်လာနိုင်တယ်လို့ ဆိုပါတယ်။

တရုတ်ကတော့ အမေရိကန်ရဲ့ အခုအစီအစဉ်ကြောင့် အာကာသအပြင်ဘက်မှာ စစ်ဘောင်ချဲ့မှု အရှိန်မြင့်လာတဲ့ အန္တရာယ်၊ နောက်ပြီး လက်နက်အပြိုင်တပ်ဆင်လာနိုင်တဲ့ အန္တရာယ်တို့ကြောင့် နိုင်ငံတကာလုံခြုံရေးကို ကဖျက်ယဖျက်ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

ရွှေကွန်ချာဒုံးကာစနစ်ဟာ "ပြင်ပအာကာသထဲမှာ စစ်တိုက်နိုင်မှုစွမ်းရည်ကို ကြီးမားကျယ်ပြန့်စွာ တိုးမြှင့် လုပ်ဆောင်ဖို့ ဖြစ်စေသလို သဘောသဘာဝအရဆိုရင်လည်း အာကာသပြင်ပ သဘောတူစာချုပ်မှာစည်းနှောင်ထားတဲ့ အာကာသကိုငြိမ်းချမ်းစွာအသုံးချခြင်းဆိုင်ရာသတ်မှတ်ချက်တွေနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေစေတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန်အနေနဲ့ ဒီစနစ်ကို အကောင်အထည် မဖော်ဖို့လည်း တိုက်တွန်းပါတယ်။

ကနေဒါကရော ရွှေကွန်ချာစနစ်မှာ ပူးပေါင်းပါဝင်မှာလား

အခု ဒုံးကျည် ကာကွယ်ရေးစနစ်မှာ ပါဝင်ဖို့ ကနေဒါနိုင်ငံကလည်း တောင်းဆိုထားတယ်လို့ သမ္မတ ထရမ့်က သူ့ အစီအစဉ်ကို အိမ်ဖြူတော်ရုံးခန်းကနေ ကြေညာချိန်မှာ ပြောထားပါတယ်။

ကနေဒါဝန်ကြီးချုပ်ရုံးကတော့ ဝန်ကြီးချုပ် မာ့ခ် ကာနေးနဲ့ သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးအသစ်တစ်ခုကို အမေရိကန်အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

"အဲဒီဆွေးနွေးမှုတွေဟာ မြောက်အမေရိကန်အာကာသကာကွယ်ရေး ကွပ်ကဲမှု- NORAD ကို ခိုင်မာအားကောင်းအောင် လုပ်ရေးနဲ့ ရွှေကွန်ချာ ဒုံးကာစနစ်လို ရှေ့ဆောင်အစီအစဉ်သစ်တွေနဲ့ ဆက်နွှယ်တာတွေလည်း ပါဝင်တယ်'' လို့ အဲဒီထုတ်ပြန်ချက်မှာ ထပ်လောင်း ပြောထားပါတယ်။

ကနေဒါကာကွယ်ရေးဝန်ကြီး ဘီလ် ဘလဲကလည်း ကနေဒါဟာ ဒီကွန်ချာ ဒုံးကာကွယ်ရေး စီမံကိန်းမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်လို့ အခုနှစ်အစောပိုင်းတုန်းက ဝါရှင်တန်ကို သွားတဲ့ သူ့ခရီးစဉ်အတွင်းမှာ ပြောထားဖူးပါတယ်။ ဒီစီမံကိန်းဟာ ''ယုတ္တိရှိ''  ပြီး ကနေဒါနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားလည်း ပါဝင်တယ်လို့ သူက အဲဒီတုန်းက ပြောထားဖူးပါတယ်။