DeepSeek ပဲ့ကိုင်ရှင် လျန် ဝမ်ဖန်းဆိုတာ ဘယ်သူလဲ

တရုတ်အလံ နောက်ခံနဲ့ DeepSeek အပလီကေးရှင်း ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, DeepSeek ဟာ ကမ္ဘာကို အံ့သြမင်သက်စေခဲ့ပါတယ်

တရုတ်ရဲ့ ဉာဏ်ရည်တု(AI) ချက်ဘော့တ် DeepSeek ဟာ ချက်ဂျီပီတီ(ChatGPT)ကို ကျော်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဒေါင်းလုတ်ရယူမှု အများဆုံးအခမဲ့အက်ပလီကေးရှင်းဖြစ်လာတာကြောင့် နည်းပညာကမ္ဘာကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် ဒီအက်ပလီကေးရှင်းကို ဖန်တီးတဲ့ ဘီလျံနာ လျန် ဝမ်ဖန်းဟာလည်း တရုတ်မှာ ညတွင်းချင်း နာမည်ကြီးလာပါတယ်။

သုံးသင့်တဲ့အသုံးစရိတ်ရဲ့ နည်းနည်းလောက်နဲ့ပဲ ဖန်တီးထားတာလို့ဆိုတဲ့ ဒီတန်ဖိုးနည်း ချက်ဘော့တ်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အခုတော့ ဒီချက်ဘော့တ်ကြောင့် အမေရိကန် စတော့ စျေးကွက်(Wall Street)မှာ စတော့စျေးတွေ တန်ဖိုး ထိုးကျကုန်ပြီး ပြိုင်ဖက်တွေကိုလည်း အမီလိုက်ဖို့ ဖြစ်လာစေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အမေရိကန်နည်းပညာကုမ္ပဏီတွေ ''အပြတ်နိုင်ဖို့'' ဆိုရင် ဒီအခြေအနေဟာ နိုးကြားဖို့ သတိပေးချက်လို့ သုံးနှုန်းပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်း ဦးဆောင်ကျင်းပတဲ့ ဇန်နဝါရီ ၂၀ ရက်တုန်းက ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ လျန် ဝမ်ဖန်း။ အညိုရောင်ဝတ်စုံ၊ မျက်မှန်တပ်ထားပြီး စားပွဲပေါ်မှာ သူ့လက်တွေကို ယှက်ထားပြီး စကားပြောနေတာမြင်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CCTV

ဓာတ်ပုံ ပုံစာ, မကြာသေးခင်တုန်းပြုလုပ်တဲ့ တရုတ်အစိုးရ ဆွေးနွေးပွဲတစ်ခုမှာတွေ့ရတဲ့ DeepSeek တည်ထောင်သူ လျန် ဝမ်ဖန်း

'သူဌေးထက် နည်းပညာသမားပုံ ပိုပေါ်'

DeepSeek ကို လျန် ဝမ်ဖန်းက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ထူထောင်ပြီး နောက် တစ်နှစ် ၂၀၂၄ ခုနှစ်မှာတော့ ဘာသာပေါင်းစုံနဲ့သုံးနိုင်တဲ့ ဉာဏ်ရည်တု(အေအိုင်) မော်ဒယ်တစ်ခုအနေနဲ့ ပထမဆုံး ဖြန့်ပါတယ်။

တရုတ်ပြည်က ဂွမ်ဒေါင်းပြည်နယ်မှာမွေး၊ ကျဲကျန့်တက္ကသိုလ်ကနေ အီလက်ထရောနစ် သတင်းအချက်အလက်၊ ကွန်ပြူတာသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရတဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် ဖြစ်တယ်ဆိုတာကလွဲလို့ လျန် ဝမ်ဖန်းအကြောင်းသိရတာ နည်းပါတယ်။

သူနဲ့ ရင်းနှီးသူတွေက သူ့ကို ''သူဌေးတစ်ယောက်ထက် နည်းပညာသမားတစ်ဦးပုံ ပိုပေါ်တယ်'' လို့ မှတ်ချက်ပေးတယ်လို့ တရုတ်နည်းပညာမီဒီယာ 36Kr ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ လူကြားသူကြား ထွက်တာနဲ့ အင်တာဗျူးပေးတာမျိုးတွေ မရှိသလောက်ရှားတဲ့ မစ္စတာ လျန်ဟာ အခုတော့ နိုင်ငံတကာက စိတ်ဝင်စား ခံရသူ ဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူဟာ တရုတ်မှာ ဒုတိယမြောက်အာဏာအရှိဆုံးခေါင်းဆောင်လို့ သတ်မှတ်တဲ့ ဝန်ကြီးချုပ် လီချမ်းနဲ့ စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေရဲ့ တွေ့ဆုံပွဲကို တက်ဖို့ အရွေးခံရတဲ့ ဉာဏ်ရည်တု(အေအိုင်)နယ်ပယ်က တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲတက်တဲ့ စီးပွားရေးသမားတွေဟာ ''အခရာကျတဲ့နည်းပညာတိုးတက်မှုတွေ လုပ်နိုင်ရေးကို အာရုံစိုက်ကြဖို့'' ညွှန်ကြားချက် ပေးခံရပါတယ်။

နည်းပညာရပ်ဝန်း စီလီကွန်တောင်ကြားကနေလာတဲ့ ဉာဏ်ရည်တုနည်းပညာပိုင်းဆိုင်ရာ အမေရိကန် စွန့်ဦးသမားတွေအများစုနဲ့ မတူတာကတော့ မစ္စတာလျန်ဟာ ငွေကြေးဆိုင်ရာနောက်ခံသမိုင်းကြောင်းလည်း ရှိပါတယ်။

သူဟာ ပိုင်ဆိုင်တဲ့ငွေကြေး ပစ္စည်းတွေ တိုးပွားရေးနဲ့ တန်ဖိုးမကျရေး အကာအကွယ်ပေး အထောက် အကူပြုတဲ့ငွေကြေးဝန်ဆောင်မှု(hedge fund)ပေးတဲ့ High-Flyer လို့ ခေါ်တဲ့ကုမ္ပဏီက အမှုဆောင်ချုပ်ဖြစ်ပါတယ်။

ဒီကုမ္ပဏီဟာ ဉာဏ်ရည်တုနည်းပညာ(အေအိုင်)ကို သုံးပြီး ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်တွေ ဆန်းစစ်နိုင်မယ့်ဝန်ဆောင်မှုကို ပေးပါတယ်။

၂၀၁၉ ခုနှစ်အရောက်မှာတော့ High-Flyer ကုမ္ပဏီဟာ တရုတ်မှာ ငွေကြေး တရုတ်ယွမ်ငွေ ဘီလျံ ၁၀၀ အထိ ရောက်အောင် ဝန်ဆောင်မှုပေးနိုင်တဲ့ ပထမဆုံးကုမ္ပဏီဖြစ်လာပါတယ်။

High-Flyer ကုမ္ပဏီမှာ မစ္စတာလျန်ဟာ အေအိုင်နဲ့ အယ်လ်ဂိုရစ်သမ်ကို သုံးပြီး စတော့စျေးကွက်စျေးနှုန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စျေးနှုန်းအတက်အကျပုံစံတွေကို သိအောင်ကြိုးစားကာ ငွေကြေးရှာနိုင်ခဲ့ပါတယ်။

သူ့အဖွဲ့သားတွေဟာ ငွေကြေးဆိုင်ရာစတော့အရောင်းအဝယ်တွေအတွက် ကမ္ဘာကျော် ကွန်ပြူတာ ချစ်ပ်ပြားထုတ်ကုမ္ပဏီ အန်ဗီဒီယာရဲ့ အေအိုင် ချပ်စ်ပြား H800 ကိုသုံးပြီး အေအိုင်နယ်ပယ်မှာ သာလွန် အောင်လုပ်လာနိုင်ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ လူသားတွေအတိုင်း သိမှတ်နိုင်စွမ်းအဆင့်ရှိတဲ့ဉာဏ်ရည်တုနည်းပညာ(အေအိုင်) ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ DeepSeek ကို သူ စတင် မိတ်ဆက်ပါတယ်။

DeepSeek သုတေသနမှာ ပါဝင်တဲ့ ထဲထဲဝင်ဝင်ပါတင်ခဲ့ပြီး အေအိုင်နယ်ပယ်မှာ အတော်ဆုံး နည်းပညာသမားတွေကို လစာကောင်းကောင်းပေးနိုင်အောင် သူ့ရဲ့ hedge fund ကုန်သွယ်မှုကို သုံးပါတယ်။

သူ့ကုမ္ပဏီဟာ အမေရိကန်က ပညာတတ်တွေထက် ပီကင်း၊ ဆင်ဟွာ၊ ဘေဟန်တို့လို တရုတ်ထိပ်တန်း တက္ကသိုလ်ကြီးတွေက ပါရဂူဘွဲ့ရတဲ့ ကျွမ်းကျင်သူတွေကို ခန့်အပ်ပါတယ်။

တစ်တော့ကို ပိုင်တဲ့ ဘိုက်ဒန့်စ်(ByteDance) လိုပဲ DeepSeek ဟာ တရုတ်မှာ အေအိုင် အင်ဂျင်နီယာတွေရနိုင်တဲ့ ခံစားခွင့်ကို အမြင့်ဆုံးကမ်းလှမ်းမှုနဲ့ သိကြပါတယ်။ ဟန်ကျိုးနဲ့ ဘေကျင်းမြို့တွေမှာလည်း ဝန်ထမ်းတွေ ခန့်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ပြည်တွင်းသတင်းဌာနတွေနဲ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ သူက သူ့အဖွဲ့ဟာ ''ပြည်ပကနေ ပြန်လာတဲ့သူ တစ်ယောက်မှမရှိဘူး။ သူတို့အားလုံးဟာ ပြည်တွင်းကပဲ။ ... ထိပ်တန်းအရည်အချင်းရှိသူတွေကို ကျွန်တော်တို့ ဘာသာပဲ ပျိုးထောင်ရမယ်'' လို့ ပြောပါတယ်။

မစ္စတာ လျန်ကတော့ တရုတ်ရဲ့ အေအိုင်ကဏ္ဍဟာ ''တစ်ချိန်လုံး နောက်လိုက်ဖြစ်နေလို့မရပါဘူး'' လို့လည်း ဆိုပါတယ်။

သူက ဆက်ပြီးတော့ ''တရုတ်နဲ့ အမေရိကန် အေအိုင်နည်းပညာမှာ ကွာဟချက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် ရှိတယ်လို့ ကျွန်တော်တို့ မကြာခဏ ပြောလေ့ရှိတယ်။ တကယ်တော့ တကယ့် ကွာဟချက်က မူရင်းစစ်မှုနဲ့ တုပမှုပေါ့။ ဒါ မပြောင်းလဲနိုင်ဘူးဆိုရင်တော့ တရုတ်က အမြဲ နောက်လိုက်ဖြစ်နေဦးမှာပါပဲ''

DeepSeek မိုဒယ်ဟာ အမေရိကန် နည်းပညာရပ်ဝန်း ဆီလီကွန် တောင်ကြားက လူအများစုကို အံ့သြ စေရတာလဲလို့ မေးတဲ့အခါမှာတော့ မစ္စတာ လျန်က ''သူတို့ အံ့သြတာက တရုတ်ကုမ္ပဏီတစ်ခုဟာ နောက်လိုက်မဟုတ်တော့ဘဲ သူတို့ရဲ့ ပြိုင်ပွဲမှာ ဆန်းသစ်တီထွင်တဲ့လုပ်ငန်းတစ်ခုအဖြစ် ဝင်ပြိုင်လာလာကိုပါပဲ။ ဒါကလည်း တရုတ်ကုမ္ပဏီတွေ ဖြစ်သင့်တဲ့အရာပါ''

DeepSeek ပြိုင်ဆိုင်နိုင်စွမ်း

Deepseek နဲ့  ChatGPT အပလီကေးရှင်း အိုင်ကွန်တွေကို ဖန်သားပြင်တစ်ခုပေါ်မှာ အတူ မြင်တွေ့ရတဲ့သရုပ်ဖော်ပုံဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, DeepSeek ကို ဖန်တီးသူတွေကတော့ သူတို့ ချက်ဘော့ထ်ဟာ ချက်ဂျီတီပီလို ပြိုင်ဘက်တွေ ကုန်ကျတဲ့ စရိတ်ထဲက နည်းနည်းနဲ့ပဲ ဖန်တီးထားတာလို့ ဆိုပါတယ်

DeepSeek ကတော့ သူ့ရဲ့မော်ဒယ် R1 ကို လူတိုင်း အခမဲ့ အသုံးပြု မျှဝေနိုင်တဲ့ ရှိရင်းစွဲ ပွင့်လင်းရင်းမြစ် ဆော့ဝဲနည်းပညာတစ်ခုနဲ့ ဖန်တီးထားတာလို့ ပြောပါတယ်။

ဒါပေမဲ့ WIRED မဂ္ဂဇင်းကတော့ DeepSeek တည်ထောင်သူ လျန် ဝမ်ဖန်းရဲ့ ကုမ္ပဏီ High-Flyer ဟာ အေအိုင်ရဲ့ ပင်မကျောရိုး ဂျီပီယူ(GPU)လို့ သိကြတဲ့ ချပ်စ်ပြားတွေကို စုဆောင်းနေတယ်လို့ သတင်းဖော်ပြပါတယ်။ MIT နည်းပညာသုံးသပ်စာစောင်မှာတော့ သူ စုဆောင်းထားတဲ့ ချပ်စ် ပမာဏဟာ ၁၀,၀၀၀ ကနေ ၅၀,၀၀၀ နီးပါးရှိတယ်လို့ သုံးသပ်ပါတယ်။

ဒီချပ်စ်ပြားတွေဟာ သာမန်မေးခွန်းတွေကို ဖြေကြားတာကစလို့ ရှုပ်ရှုပ်ထွေးထွေးသင်္ချာပုဒ်စာကို ဖြေရှင်းခိုင်းတာမျိုးလို လူသားတွေလုပ်နိုင်တဲ့ လုပ်ငန်းဆောင်တာမျိုးတွေကို လုပ်ဆောင်နိုင်တဲ့ အင်ပြည့်အားပြည့် အေအိုင် မိုဒယ် တည်ဆောက်ရာမှာ အရေးပါပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ အမေရိကန်ပြည်ထောင်စုဟာ စွမ်းအားပြည့်ဝတဲ့ ချပ်စ်ပြားတွေကို တရုတ်ကို ရောင်းချမှု တားမြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ''တကယ့်စိန်ခေါ်ချက်'' တစ်ခုအဖြစ် မစ္စတာလျန်က တရုတ်မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောပါတယ်။

အနောက်ကမ္ဘာက အေအိုင် မော်ဒယ်တွေမှာဆိုရင် အထူးပြုလုပ်ထားတဲ့ ချစ်ပ်ပြား ၁၆,၀၀၀ ခန့်ကို သုံးပါတယ်။

ဒါပေမဲ့ DeepSeek ကတော့ သူ့ရဲ့ အေအိုင်မော်ဒယ် R1 ကို ချပ်စ်ပြား ၂,၀၀၀ နီးပါးလောက်၊ နောက် အဆင့်နိမ့် ချပ်စ်ပြားထောင်ချီကိုသုံးပြီး သိမှတ်လည်ပတ်နိုင်အောင် လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။

ဒါကြောင့်ပဲ သူ့ရဲ့ အေအိုင်မော်ဒယ်ကို တခြားပြိုင်ဘက်တွေထက် ကုန်ကျစရိတ် တန်ဖိုးနည်းသွားစေတာဖြစ်ပါတယ်။

DeepSeek ဖန်တီးသူတွေရဲ့အပြောအရဆိုရင် သူတို့ ချက်ဘော့ထ်ဟာ တည်ဆောက်ဖို့ ဒေါ်လာ ၅.၆ သန်းပဲလိုတယ်လို့ ပြောနေချိန်မှာပဲ ချက်ဂျီပီတီကို ဖန်တီးတဲ့ OpenAI ဟာ ပြီးခဲ့တဲ့တစ်နှစ်တည်းမှာတင် ဒေါ်လာ သန်း ၅,၀၀၀ သုံးခဲ့ရပါတယ်။

အမေရိကန် နည်းပညာ ဘီလျံနာသူဌေး အီလွန် မက်စ် အပါအဝင် တချို့ကတော့ ဒီပြောဆိုချက်ကို မေးခွန်းထုတ်ပါတယ်။

DeepSeek ကုမ္ပဏီဟာ တားမြစ်ကန့်သတ်ချက်တွေကြောင့် အမှန်တကယ် သုံးထားတဲ့နည်းပညာမြင့် ချပ်စ်ပြားတွေကို ဘယ်လောက်များလဲဆိုတာ ထုတ်မပြောနိုင်တာဆိုပြီး သူတို့ ပြန်ချေပ ပြောဆိုကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်သူ အကဲခတ်တွေကတော့ ဝါရှင်တန်ဘက်က တားမြစ်ကန့်သတ်ချက်ဟာ တရုတ် အေအိုင်နည်းပညာနယ်ပယ်အတွက် စိန်ခေါ်ချက်နဲ့ အခွင့်အလမ်းတွေ နှစ်ခုစလုံးကို ဆောင်ကျဥ်းလာစေတယ်လို့ ဆိုပါတယ်။

ဒီတားမြစ်ကန့်သတ်ချက်ကြောင့်ပဲ နည်းနည်းနဲ့ ထိရောက်အောင်လုပ်နိုင်တဲ့အထိ ''DeepSeek လို တရုတ် ကုမ္ပဏီတွေ ဆန်းသစ်တီထွင်ဖို့'' အကြောင်းဖန်လာစေတယ်လို့ ဆစ်ဒနီ နည်းပညာ တက္ကသိုလ် က တွဲဖက်ပါမောက္ခ မာရီနာ ကျန်းက ပြောပါတယ်။

''ဒီကန့်သတ်တွေက စိန်ခေါ်မှုတွေ ဖြစ်လာစေပေမဲ့ နည်းပညာ အမီမခိုကင်းဖို့ဆိုတဲ့ တရုတ်ရဲ့မူဝါဒရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့ တောင့်ခံနိုင်မှုနဲ့ ဖန်တီးနိုင်မှုအပိုင်းမှာ စေ့ဆော်မှုဖြစ်စေခဲ့တယ်''

ကမ္ဘာမှာ ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်တဲ့တရုတ်ဟာ လျှပ်စစ်ကားအစ၊ ဆိုလာပြားအလယ်၊ ဉာဏ်ရည်တုနည်းပညာ(အေအိုင်)အဆုံး နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်နေပါတယ်။

တရုတ်ကို နည်းပညာ စူပါပါဝါတစ်ခုဖြစ်အောင် ပြောင်းလဲဖို့ဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ကာလရှည်မှန်းချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်ဘက်က ကန့်သတ်ချက်တွေဟာ ဘေကျင်းအတွက် ဒီရည်မှန်းချက် အကေင်အထည်ဖော်တဲ့နေရာမှာ စိန်ခေါ် ချက် တစ်ခု ဖြစ်လာခဲ့ပါ။

အတွေးအမြင်စုံ

အမေရိကန် သမ္မတ ထရမ့်ဟာ ဉာဏ်ရည်တု နည်းပညာ နယ်ပယ်က ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက တွေ့ဆုံထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ ထရမ့်ဟာ ဉာဏ်ရည်တု နည်းပညာ နယ်ပယ်က ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက တွေ့ဆုံထားပါတယ်

စတင်ဖြန့်ချိပြီး မကြာခင်မှာပဲ DeepSeek ဟာ နည်းပညာစတော့စျေးကွက်ကြီးတွေမှာ ရှယ်ယာပိုင်ဆိုင်မှုတွေကို များများစားစားပြန်ရောင်းထုတ်ကြတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

ဥပမာအနေနဲ့ အန်ဗီဒီယာရဲ့ ရှယ်ယာတွေဟာ ၁၇ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ပြီး စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၀ ဘီလျံအထိ ဆုံးရှုံးခဲ့ပါတယ်။ ဘလွန်းဘာ့ဂ်သတင်းဌာနရဲ့ အပြောအရဆိုရင် ဒီပမာဏဟာ အမေရိကန်စတော့ စျေးကွက်သမိုင်းမှာ အကြီးမားဆုံးစျေးကျမှုဖြစ်ပါတယ်။

အလားအလာကောင်းတဲ့ကုမ္ပဏီတွေကို ငွေကြေးမြှုပ်နှံသူ မာ့ခ် အန်ဒါဆန်ကတော့ ''DeepSeek-R1 ဟာ ဉာဏ်ရည်တုနည်းပညာ အေအိုင်ကမ္ဘာမှာတော့ စပုညိ (Sputnik) အခိုက်အတန့်ပဲ'' လို့ သူက လူမှုကွန်ရက် X(အရင်က တွစ်တာ)ပေါ် တက်ရေးပါတယ်။ အာကာသကို ဂြိုဟ်တုအပြိုင် လွှင့်တင်ကြတာကို သူက ရည်ညွှန်းပြောတာဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ ဒီအက်ပလီကေးရှင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်လည်း ရှိနေကြပါတယ်။

''တကယ့်အမှန်တရားက အခုမြင်တွေ့နေရတာရဲ့အောက်ခြေမှာပဲ ရှိလိမ့်မယ်'' လို့ အကဲခတ် ဂျင်း မန်စတာက DeepSeek ထုတ်ပြောတဲ့ အမှန်တကယ် ကုန်ကျစရိတ်ဆိုတာနဲ့ပတ်သက်ပြီး သူက ဘီဘီစီကို မှတ်ချက်ပေးတာပါ။

ဒီနည်းပညာလုပ်ငန်းဟာ ငွေကြေးထောက်ပံ့ခံထားရတာလား ဒါမှမဟုတ် ထုတ်ပြောတဲ့ကိန်း ဂဏန်းအရေအတွက် တိတိကျကျမရှိတာလားဆိုတာကိုလည်း သူက မေးခွန်းထုတ်ပါတယ်။

''ချက်ဘော့ထ်က တကယ့်ကို ကောင်းပါတယ်။ ကောင်းလွန်းလို့ကို ယုံရခက်ခက် ဖြစ်နေတာ'' လို့ သူက ထပ်လောင်းပြောပါတယ်။

သြစတြေးလျ သိပ္ပံဆိုင်ရာဝန်ကြီး အက် ဟုဆစ်ကတော့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ထောက်ပြပါတယ်။ ''အရည်အသွေး၊ သုံးစွဲသူရဲ့အကြိုက်၊ အချက်အလက်၊ ပုဂ္ဂိုလ်ရေးအချက်အလက်စီမံမှု စတာတွေနဲ့ပတ်သက်ပြီး အချိန်မီ အဖြေပေးရမယ့်မေးခွန်းတွေ အများကြီးရှိနေပါတယ်'' လို့ သူက အေဘီစီ သတင်းဌာနကို ပြောပါတယ်။''

''ကျွန်တော်ဆိုရင်တော့ ဒါတွေနဲ့ပတ်သက်လာရင် အရမ်းသတိထားမှာပါ။ ဒီလိုပြဿနာတွေဟာ သေသေချာချာ အလေးပေးပြောဖို့လိုတာတွေပါ''

ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ OpenAI ကို ပိုင်တဲ့ ဆမ် အာ့လ်မန်းနဲ့ Oracle ကို ပိုင်တဲ့ လယ်ရီ အယ်လီဆင်တို့ဟာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်နဲ့အတူ စတားဂိတ် (Stargate) ဆိုတဲ့ အကျိုးတူ စီမံကိန်း ကြေညာချက်ကို တစ်ခုကို ပူးတွဲကြေညာပါတယ်။ ဒီစီမံကိန်းဟာ ဉာဏ်ရည်တုနည်းပညာ အခြေခံအဆောက်အဦ စီမံကိန်းဖြစ်ပါတယ်။

အဲဒီထဲမှာ တက္ကဆက်ပြည်နယ်မှာ အချက်အလက် စင်တာတွေ တည်ဆောက်တာ၊ အလုပ်အကိုင်ပေါင်း တစ်သိန်းကျော်ပါဝင်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၅၀၀ အထိ ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပိုပြင်းထန်လာတဲ့ အေအိုင် ကစားနည်းမှာ နောက်ထပ် ကစားသမားတစ်ယောက် ထပ်ပေါ်လာပါတယ်။

ပညာရှင်အချို့ကတော့ DeepSeek ရုတ်တရက် ရောက်လာခဲ့တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဉာဏ်ရည်တု နည်းပညာ လွှမ်းမိုးနိုင်မှုအနာဂတ်နဲ့ အမေရိကန် ကုမ္ပဏီတွေ စီစဥ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေလည်း ရုတ်တရက် ပေါ်ထွက်လာပါတယ်။