ဇွန် ၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ဘန်ကောက်မြို့ အမှိုက်ပုံမှာ တွေ့တဲ့ ဘတ် ၁၂ သန်းပိုင်ရှင် ထွက်ပေါ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နွတ်ထဘူရီခရိုင် ၊ ပက်ခရက်မြို့နယ် ၊ ကွန်ဒိုတစ်ခုထဲက အမှိုက်ပစ်တဲ့နေရာမှာ တွေ့ရှိရတဲ့ ဘတ် ၁၂ သန်းရဲ့ ပိုင်ရှင် ပေါ်ထွက်လာပြီလို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

ကွန်ဒိုရဲ့ စတုတ္တထပ် အမှိုက်ပစ်တဲ့နေရာနားက ပလတ်စတစ်ပုံးထဲမှာ ထည့်ထားတဲ့ ဘတ် ၁၂ သန်းကို ထိုင်းအမျိုးသမီးတစ်ယောက်က ဇွန် ၅ ရက်မှာ ရှာတွေ့ခဲ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ငွေတွေကို ပိုင်ဆိုင်သူဆိုပြီး ထွက်ပေါ်လာတဲ့သူဟာ ကွန်ဒိုရဲ့ ငါးလွှာမှာ နေထိုင်သူဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) အဖွဲ့ဝင်တစ်ဦးရဲ့ ခင်ပွန်းဖြစ်သူလို့လည်း သိရပါတယ်။

သူကပိုင်ဆိုင်တဲ့ ငွေတွေဖြစ်တဲ့အကြောင်းကို ရဲစခန်းကို လာရောက်ပြီး ထွက်ဆိုခဲ့တာပါ။

သူရဲ့ ကွန်ဒိုခန်းကို ပြန်ပြင်ဖို့ ပစ္စည်းတွေ သိမ်းဆည်း၊ ရှင်းလင်းခဲ့တာဖြစ်ပြီး ဒီပလတ်စတစ်ပုံးကိုလည်း အဝတ်ဟောင်းတွေ ထည့်ထားတဲ့ ပုံးလို့ ထင်ပြီးစွန့်ပစ်ခဲ့မိတာလို့ ရဲစခန်းမှာ ပြောခဲ့ပါတယ်။

ဒီ‌ငွေတွေကို ပိုင်ဆိုင်သူလို့ ပြောလာတဲ့သူဟာ အမျိုးသား ရုပ်သံနဲ့ ဆက်သွယ်ရေး ကော်မရှင် အကြံပေးလည်းဖြစ်၊ အဂတိတိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ရုံး ဌာနမှူး ရဲ့ ခင်ပွန်းလည်း ဖြစ်တာကြောင့် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘတ်ငွေ ၁၂ ပိုင်ရှင်ဖြစ်သူအမျိုးသား အနေနဲ့ သူ့ပိုင်ဆိုင်မှုတွေကို တရားဝင် ကြေညာခဲ့တာ ရှိ/ မရှိကိုလည်း စုံစမ်းဖို့ အတည်ပြုလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေကနေ သိရပါတယ်။

သံတွဲမှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ လူ ၄ ဦးထက်မနည်းသေဆုံး

ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) သိမ်းပိုက်ထားတဲ့ သံတွဲမြို့နဲ့ ပုဇွန်ဖယ်ရွာ၊ ကျောက်ကြီးရွာတွေပေါ် ကို စစ်တပ်က မနေ့ည က လေကြာင်းကနေ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၄ ဦး ထက်မနည်း ရှိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ကျိန္တလီနဲ့ သံတွဲကားလမ်းဘေးမှာ ရှိနေတဲ့ ဒီကျေးရွာတွေကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲခဲ့တာလို့လည်း သိရပါတယ်။

စစ်ကောင်စီက အခုနှစ်အတွင်းအပြီးသတ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ သံတွဲမြို့အနီး သူဌေးချောင်းပေါ် က ရေအားလျှပ်စစ် စီမံကိန်းကို တိုက်ပွဲတွေကြောင့် ရှေ့ဆက်မဆောက်လုပ်နိုင်တာ ၁ နှစ်ပြည့်ပြီလို့ စစ်ကောင်စီ လျှပ်စစ်ဌာနက ထုတ်ပြန်ချိန်မှာ အခုတိုက်ခိုက်မှု ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရသူတွေလည်း ရှိပေမဲ့ ဆက်သွယ်ရေး အခက်အခဲကြောင့် အရေအတွက် တိတိကျကျ မသိနိုင်သေးပါဘူး။

ဒါ့အပြင် မနေ့ညက စစ်တပ်ရဲ့ ဗုံးကြဲမှုအတွင်း သံတွဲမြို့ပေါ်က စုဆောင်းရေးတပ် ခြံစည်းရိုးနားကိုလည်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သံတွဲကို လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ရေတပ်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး သံတွဲမြို့နယ်ထဲက ဂျိတ္တော၊ လုံးသာ၊ ငပလီ စတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းရှိတဲ့ သံတွဲမြို့ကို အာရက္ခတပ်တော်(အေအေ) က လေးလကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ မှာ သိမ်းခဲ့တာ ဖြစ်ပါတယ်။

သံတွဲမြို့နယ်ထဲမှာရှိတဲ့ သဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၄ ခုနှစ်မှာ ရပ်နားထားရတာကြောင့် သတ်မှတ်ထားတဲ့ ကာလမှ မပြီးနိုင်တဲ့အတွက် ဓာတ်အားခ ဝင်ငွေတွေ ဆုံးရှုံးတယ်လို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်သင့် နေအိမ်ပေါင်း လေးသောင်းနီးပါးကို ထောက်ပံ့မယ်လို့ စစ်ကောင်စီပြော

ငလျင်ဒဏ်သင့် လူနေအိမ်ပေါင်း လေးသောင်းနီးပါးကို နေအိမ်တွေ ပျက်စီးမှုအလိုက် ထောက်ပံ့ပေးဖို့ တွက်ချက်ထားပြီးပြီဖြစ်သလို မကြာခင်မှာ ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး မှာပြောခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ခြောက်သောင်းသုံးထောင်ကျော်၊ စာသင်ကျောင်းပေါင်း ခြောက်ထောင့်ခုနစ်ရာကျော် ထိခိုက်ပျက်စီးမှုရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောငလျင် လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီမှု များခဲ့တဲ့ မြန်မာနိုင်ငံကို ပြည်တွင်းပြည်ပက ပေးတဲ့ အလှူငွေဟာ ဇွန် ၆ ရက်အထိ ကျပ် ၁၄၄ ဘီလျံကျော် ရရှိတယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အစိုးရအဖွဲ့တွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လှူဒါန်းထားတဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကျော် ၊ ကိုရီးယား ဝမ် ၅ သန်း၊ အိန္ဒိယ ရူပီး ၁၆ သန်း၊ ထိုင်း ဘတ် ၂ သန်းထပ်ရရှိထားတယ်လို့ သိရပါတယ်။

ငလျင်ပြန်လည်ထူထောင်ရေးအတွက် အခု ရရှိထားတဲ့ ငွေကျပ် ၁၄၄ ဘီလျံကျော်နဲ့ အမေရိကန် ဒေါ်လာ ၅ သန်းကျော်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ရန်ပုံငွေ ထဲ ထည့်ထားတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းအိမ်ရာတွေ ပြိုကျပျက်စီးသွားတဲ့အထဲက အိမ်အသုံးအဆောင်ပစ္စည်း ဆုံးရှုံးသွားတဲ့ ဝန်ထမ်းမိသားစု ခြောက်ရာကျော်နဲ့ မှီခိုသူ တစ်ထောင်ကျော်ရှိတယ်လို့လည်း ဒုတိယစစ်ခေါင်းဆောင်က ပြောပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် သုံးစွဲပြီးငွေပေါင်း ကျပ် ၂၆၄ ဒသမ ၆၅၆ ဘီလျံရှိနေပြီလို့ သိရပါတယ်။

သံတွဲက တိုက်ပွဲတွေကြောင့် သဌေး ရေအားလျှပ်စစ်စီမံကိန်းရပ်ထားရတယ်လို့ဆို

ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးက သဌေးချောင်းပေါ်မှာ ဆောက်ထားတဲ့ သဌေးရေအားလျှပ်စစ် စီမံကိန်းဟာ အခုဘဏ္ဍာနှစ်အတွင်း ပြီးစီးဖို့ လျာထားပေမဲ့ တိုက်ပွဲတွေကြာင့် မနှစ်ကတည်းက စီမံကိန်း ရပ်နားထားရတယ်လို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနက ပြောပါတယ်။

သံတွဲမှာ နယ်မြေမငြိမ်သက်တာကြောင့် အဲဒီစီမံကိန်းက ဝန်ထမ်းတွေကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ရွှေ့ပြောင်းခဲ့ရတာကြောင့် လုပ်ငန်းလည်ပတ်မှုလည်း ရပ်နားခဲ့ရတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီကာလတွေဟာ သဲတွဲမြို့ဝန်းကျင်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ကာလဖြစ်ပါတယ်။

စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနကတော့ လူတစ်သန်း လျှပ်စစ်မီးရဖို့ မှန်းထားတဲ့ ဒီစီမံကိန်း ရပ်နားထားရလို့ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်အားခ ဝင်ငွေ ဆုံးရှုံးတယ်လို့ ဆိုပါတယ်။

"သံတွဲ သဌေးစီမံကိန်းကနေ စက်ကြီးတွေကို ဂွကို ရွှေ့လာကြတယ်၊ ပြီးတော့ ရိုးမကို ကျော်ပြီး သယ်သွားကြတာ၊ တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးတဲ့ စက်ကြီးတွေ။ အဲဒီရေအားလျှပ်စစ်က ကျွန်မ ကိုးတန်းလောက်ကတည်းက လုပ်နေတာ သံတွဲကနေ ထွက်လာတဲ့အထိ မပြီးသေးဘူး" လို့ အသက် ၄၀ ကျော်အရွယ် သံတွဲဒေသခံတစ်ယောက်က ပြောပါတယ်။

သူက ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ပါတယ်။

ဒီစီမံကိန်းကို ၂၀၀၈-၂၀၀၉ စတင်အကောင်အထည်ဖော်တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်အထိ ၇၇ ရာခိုင်နှုန်းကျော် ပြီးစီးထားတယ်လို့ သူဌေးရေအားလျှပ်စစ် စီမံကိန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက ပြောတယ်လို့ နိုင်ငံပိုင် သတင်းစာကနေ သိရပါတယ်။

စီမံကိန်း ပြီးစီးမယ်ဆိုရင် တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ နှစ်စဉ် သန်း ၃၈၆ ကီလိုဝပ်နာရီ ကို ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေကို ဖြန့်ဖြူပေးနိုင်သလို နိုင်ငံအဝှမ်းကိုလည်း ဖြန့်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်တွင်းဖော်ဆောင်နေတဲ့ ရှမ်းမြောက်က ဒုဋ္ဌဝတီမြစ်ပေါ်က အထက်ရဲရွာ စီမံကိန်း၊ ရွှေလီမြစ်ပေါ်က ရွှေလီ ၃၊ ရှမ်းတောင်က အထက်ကျိုင်းတောင်း၊ နေပြည်တော်က အလယ်ပေါင်းလောင်းစီမံကိန်းတွေထဲ ရခိုင်က သူဌေးချောင်းစီမံကိန်းကို အမြန်ဆုံးပြီးစီးဖို့ မျှော်လင့် ထားတာဖြစ်ပါတယ်။

လျှပ်စစ်ဌာနကတော့ လက်ရှိအချိန်မှာ ဒီစီမံကိန်းမှာရှိတဲ့ အဆောက်အအုံတွေ၊ တည်ဆောက်ရေးသုံး ပစ္စည်းတွေ၊ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးတဲ့အခြေအနေတွေကို စစ်ဆေးဆောင်ရွက်နိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

တိုင်တန်းခံရတဲ့ ဗန်းမောက်မြို့နယ် သယံဇာတဆိုင်ရာအထူးအဖွဲ့ကို NUG ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က သယံဇာတဆိုင်ရာအထူးအဖွဲ့ကို တိုင်ကြားစာတွေကြောင့် ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

ဒီအဖွဲ့နဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဆီ တိုင်စာတွေ ရောက်လာတာကြောင့်လို့ သိရပါတယ်။

"တိုင်စာဆိုတာက တိုင်တဲ့သူတွေဘက်က အချက်အလက်ပဲ ရှိသေးတာပေါ့နော်။ တကယ့် ကာယကံရှင်တွေကို စုံစမ်းစစ်ဆေး မေးမြန်းဖို့တွေ လိုအပ်လာတာပေါ့လေ။ ဒါ့ကြောင့် လောလောဆယ် ဖမ်းဆီးထိန်းသိမ်းတဲ့ သဘောဖြစ်ပါတယ်"လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ဆေးအရေးယူမယ့် အခြေအနေတွေ၊ တိုင်တန်းချက်တွေကို ထုတ်ပြောလို့မရသလို စုံစမ်းစစ်ဆေးချက်တွေကနေ ပေါ်ပေါက်လာတာကို အ‌ခြေခံပြီး အရေးယူမှာဖြစ်တယ်လို့ သူကဆက်ပြောပါတ‌ယ်။

ဗန်းမောက်မြို့နယ်ထဲမှာ သယံဇာတ အထူးအဖွဲ့က ဦးအာကာနဲ့ သူ့အဖွဲ့ကို ဖမ်းဆီးထားမိပြီး ရွှေချောင်းအချို့နဲ့ ငွေကျပ် သိန်းတသောင်းခြောက်ထောင်ကျော်ကို သိမ်းဆည်းနိုင်ခဲ့သလို လက်နက်တွေပါ ပါဝင်တယ်လို့ ဗန်းမောက်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန နီးစပ်သူက ပြောခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

ဗန်းမောက်မြို့နယ်ထဲက သယံဇာတနဲ့ စီမံခန့်ခွဲရေးကို NUG အစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေသခံ ပသုံးလုံးအဖွဲ့တွေက ဆက်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ ရွှေတူးဖော်ရေးအပြင် အခြားသတ္တုတူးဖော်ရေးတွေလည်း လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်ထဲက သတ္တုတူးဖော်ရေးသာမက ကွမ်းယာဆိုင်တွေအထိ စီးပွားရေးလုပ်ငန်းမှန်သမျှကို ဆက်ကြေးသဘောနဲ့ အခွန်ကောက်ယူနေတာကို လက်နက်ကိုင်အားလုံးက ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။ ဗန်းမောက်မြို့ရဲ့ မြောက်ပိုင်းနဲ့ မြို့ထဲမှာ ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) ရှိသလို တောင်ပိုင်းကတော့ တော်လှန်ရေးစိုးမိုးနယ်မြေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့က ဗန်းမောက်ကနေ ကသာကို ရွှေ့သွားတာကြောင့် မြို့ပေါ်မှာ မရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပြန်အလှန်သဝဏ်လွှာပို့

တရုတ်နဲ့ မြန်မာနိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပြင် နောင် ဆယ်စုနှစ်တွေအထိ အပြန်အလှန်အကျိုးရှိစေမယ့် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ် ဖော်ထုတ်ဖို့ အနီးကပ် ပူးပေါင်းသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတကို ပြောလိုက်ပါတယ်။

ဒီနေ့ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်မှာ ကျရောက်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အပြန်အလှန် သဝဏ်လွှာတွေ ပေးပို့ကြတာရင်း စစ်ခေါင်းဆောင်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ ပိုးလမ်းမ စီမံကိန်းအောက်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြံမဟာဗျူဟာမြောက် စီမံကိန်းတွေက အားရကျေနပ်ရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရုရှားနိုင်ငံမှာ တွေ့ဆုံချိန်က နိုင်ငံတကာနဲ့ ဒေသတွင်းစာမျက်နှာတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက စွမ်းအင်ဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့ သဘောတူနိုင်ခဲ့တာကိုလည်း စစ်ခေါင်းဆောင်က သူ့ သဝဏ်လွှာမှာ ထည်ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးရေးတွေမှာ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုကို တရုတ်က အခိုင်အမာ ထောက်ခံ ပံ့ပိုးပေးတာကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း အဓိကအရေးပါတဲ့ အကျိုးစီးပွားနဲ့ ဘုံအရေးပါတဲ့ ကိစ္စရပ်တွေမှာ နှစ်ဖက်ကြား အပြန်အလှန် ထောက်ခံရပ်တည်ပေးတာဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးဖွံဖြိုးတိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ ကဏ္ဍဖြစ်သလို ရပ်ဝန်းနဲ့ ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ မြန်မာနဲ့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ရှီကျင့်ဖျင်က ပြောထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတတို့ဟာ ပြီးခဲ့တဲ့ မေလတုန်းက ရုရှားနိုင်ငံမှာပြုလုပ်တဲ့ ရင်ပြင်နီ ချီတက်ပွဲကို တက်ရောက်ရင်း သီးခြားတွေ့ဆုံခဲ့ ပါတယ်။

တရုတ်သမ္မတက မြန်မာက တရုတ်စီမံကိန်းတွေကိုအကာအကွယ်ပေးဖို့ ပြောခဲ့သလို စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံတဲ့အကြောင်း သမ္မတ ရှီက အဲဒီတုန်းက ပြောခဲ့ပါတယ်။

ဒါဟာ မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်အပြီး မြန်မာစစ်ခေါင်းဆောင်အတွက် တရုတ်သမ္မတနဲ့ ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်အတွင်း နေပြည်တော်နဲ့ ဘေကျင်းဆက်ဆံရေးဟာ အခုနှစ်မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ နားလည်ရပါတယ်။

တရုတ်ဟာ မြန်မာပြည်တွင်းက တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားတွေကြောင့် နေပြည်တော် အထိုင်နဲ့ စစ်ကောင်စီနဲ့ရပ်တည်လိုက်တယ်လို့ အကဲခတ်တွေက ရှုမြင်ကြပေမဲ့ တရုတ်စီမံကိန်းတွေဖြတ်သန်းရာ ရှမ်းမြောက်နဲ့ တရုတ်စီမံကန်းတွေရှိရာ ရခိုင်ပြည်နယ်တို့မှာ စစ်ကောင်စီနဲ့ ထိန်းချုပ်နိုင်စွမ်းက မေးခွန်းတွေ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

နယူးယောက်က တရုတ်သံရုံးတွေအရှေ့မှာ မြန်မာတွေ ၂ ရက်ဆက်တိုက် ဆန္ဒဖော်ထုတ်

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ အရေးကို ဝင်ရောက်စွက်ဖက်တာမလုပ်ဖို့နဲ့ စစ်ကောင်စီထက် မြန်မာလူထုကို ငဲ့ညှာဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက နယူးယောက်မြို့က တရုတ်သံရုံးတွေ အရှေ့မှာ ၂ ရက်ဆက်တိုက် ဆန္ဒဖော်ထုတ်သွားပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးအရှေ့မှာ ဇွန်လ ၆ ရက်တုန်းက ပြုလုပ်တဲ့ဆန္ဒဖော်ထုတ်ပွဲမှာတော့ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မထောက်ခံဖို့၊ စစ်ကောင်စီကို စစ်လက်နက်တွေ မထောက်ပံ့ဖို့နဲ့ မြန်မာလူထုကြုံနေရတဲ့ အခက်အခဲတွေကို ထောက်ထားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

‌အမေရိကန်စံတော်ချိန်၊ ဇွန်လ ၇ ရက်မှာလည်း အမေရိကန်ရောက် မြန်မာတွေက နယူးယောက်မှာရှိတဲ့ တရုတ်သံရုံးရှေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ခံစားနေရတဲ့အခြေအနေကိုလည်း သရုပ်ဖော်ခဲ့ကြပါတယ်။

ပြည်တွင်းမှာတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ်သမ္မတ တို့ဟာ မြန်မာ- တရုတ်သံတမန် ထူထောင်မှု ၇၅ နှစ်ပြည့်နှစ်ပတ်လည်အနေနဲ့ အပြန်အလှန် သဝဏ်လွှာ ပေးပို့ထားကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးလုပ်မယ်လို့ ပြောထားကြပါတယ်။

UFC ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ ဂျိုရှာဝါ ဗန်က ဘရာဇီးဖိုက်တာကို အလဲထိုးပြီး အနိုင်ယူ

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ် ပရူဒန်ရှယ် စင်တာမှာ ကျင်းပတဲ့ UFC ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ ဂျိုရှာဝါ ဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ဆီလ်ဗာကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူလိုက်ပြီဖြစ်ပါတယ်။

UFC ကတော့ အခုတစ်ကျော့ပြိုင်ပွဲကို ဂျိုရှာဝါ ဗန်ဟာ အပြောနဲ့အညီ လှလှပပ အဆုံးသတ်ခဲ့ပြီလို့ ပွဲသိမ်းအချီ အနိုင်ရရုပ်သံမှာ ပြောပါတယ်။

ဂျိုရှဝါ ဗန်ဟာ UFC ပြိုင်ပွဲပေါင်း ၈ ပွဲမှာ ၁ ပွဲပဲ ရှုံးပြီး ၇ ပွဲနိုင်တဲ့စံချိန်ကို ချိုးထားပါတယ်။

ဂျိုရှာဝါ ဗန် အခုပွဲမှာအနိုင်ရတာကို ဂုဏ်ယူတဲ့အကြောင်း အောင်လအန်ဆန်ကလည်း ဂုဏ်ပြုကြောင်း ပြောထားပါတယ်။

အမေရိကန် ဒေစံတော်ချိန် ဇွန်လ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်တဲ့ UFC 316 ပွဲစဉ်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ကြည့်ရှုခဲ့တာ တွေ့ရပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ဂျိုရှာဝါဗန် #UFC #ဖိုက်တာ #ဒေါ်နယ်ထရမ့်