ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စီးတဲ့ Airbus လေယာဉ် အခွန်ကင်းလွတ်ခွင့်ရ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တွေမှာအသုံးပြုနေတဲ့ ဒေါ်လာသန်းချီတန် Airbus လေယာဉ်ဝယ်ယူမှုမှာ အခွန်ကင်းလွတ်ခွင့်ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI က အမေရိကန်ပြည်ထောင်စုအခြေစိုက် Aviation Capital Group ဆီက ၂၀၁၉ ခုနှစ်ကစတင်ငှားရမ်းအသုံးပြုနေတာကနေ ဒီနှစ်ဆန်းပိုင်းမှာဝယ်လိုက်တာပါ။

၂၀၂၄ နှစ်ကုန်နဲ့ ဒီနှစ်ထဲမှာ သွားခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ အထင်ကရခရီးစဉ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားခရီးစဉ်တွေမှာ MAI ရဲ့ Airbus လေယာဉ်ကို သုံးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ကို အလည်အပတ်သွားတဲ့အခါမျိုးမှာလည်း MAI ရဲ့ Airbus လေယာဉ်ကို သုံးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

MAI ကိုပိုင်တဲ့ 24 Hour ကုမ္ပဏီ အုပ်စုဟာ စစ်တပ်အတွက် လေယာဉ်တွေဝယ်ယူပေးနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြီးခဲ့တဲ့နှစ်တွေမှာ ဖော်ထုတ်ခဲ့ကြပြီး အခုလို အခွန်ကင်းလွတ်ခွင့်ရတယ် ဆိုတဲ့အချက်က အကျိုးစီးပွားဆက်နွှယ်မှုတွေကို ပြနေပါတယ်။

ဒါ့အပြင် မြန်မာစစ်ဗိုလ်ချုပ်တွေမှာ အမေရိကန်သမ္မတတွေရဲ့ Air Force One လို သီးသန့်လေယာဉ် ပိုင်ဆိုင်ချင်တဲ့ ဆန္ဒက အရင်ကတည်းရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင်မိသားစု သုံးတဲ့လေယာဉ်

မြန်မာမှာ နိုင်ငံတကာကို အဓိကပြေးဆွဲပေးနိုင်တဲ့ ပုဂ္ဂလိကပိုင်လေကြောင်းကုမ္ပဏီတစ်ခုပဲရှိတော့ပြီး 24 Hour ကုမ္ပဏီ အုပ်စု ဖြစ်ပါတယ်။

24 Hour ကုမ္ပဏီ အုပ်စုက အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI နဲ့ မင်္ဂလာ (အရင် Air KBZ) လေကြောင်းလိုင်းတွေကို ပိုင်ဆိုင်ပါတယ်။

MAI မှာ Airbus ခြောက်စီးအထိရှိပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တွေအတွက် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို သုံးပါတယ်။

အလားတူ ဒေါ်ကြူကြူလှ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ကို အလည်အပတ်သွားတဲ့အခါမျိုးမှာလည်း MAI ရဲ့ Airbus လေယာဉ်တွေကို သုံးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

''ဒေါ်ကြူကြူလှက ဆိုးလ်ကို မကြာခဏသွားတယ်။ စျေးဝယ်ထွက်တဲ့အခါ များသောအားဖြင့် သံအမတ်ကြီးလင်မယားတောင် မလိုက်ရပါဘူး။ စင်ကာပူကိုလည်း ရံဖန်ရံခါသွားတယ်'' လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေရဲ့ လေယာဉ်ဆိုက်ရောက်ထွက်ခွာမှုတွေကို ဖော်ပြနေတဲ့ Planespotters.net မှာ XY-ALK ဟာ ဆိုးလ်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ၁၇ ကြိမ်အထိ ပျံသန်းခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဒီလေယာဉ်ဟာ သီးသန့်ခရီးစဉ်တွေရော ပုံမှန်လေကြောင်းလိုင်းတွေကိုပါ ပြေးဆွဲပေးနေပြီး စင်ကာပူက ချန်ဂီလေဆိပ်၊ မလေးရှားက ကွာလာလမ်ပူလေဆိပ်နဲ့ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်တွေမှာလည်း ဆင်းသက်ခဲ့တာတွေ့ရပါတယ်။

ဒီလေယာဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တွေအတွက် ဘယ်လိုသဘောတူညီမှု၊ ဘယ်လိုငွေပေးချေမှု နှင့် ငှားရမ်းအသုံးပြုနေလဲ လို့ MAI ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

''စင်းလုံးငှားခရီးစဉ်အနေနဲ့ အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးနေတယ်'' လို့ MAI က ပြန်လည်ဖြေကြားခဲ့ပေမဲ့ ငွေကြေးပမာဏကိုတော့ ထုတ်မပြောပါဘူး။

အခွန်ကင်းလွတ်ခွင့်ရခဲ့တဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိနေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အဂတိမှုနဲ့စွဲချက်တင်ထောင်ချခဲ့တဲ့အမှုတွေထဲမှာ သဘာဝဘေးကာကွယ်ရေးအတွက် ရဟတ်ယာဥ်ငှားရမ်းမှုမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေတယ်ဆိုတဲ့ အချက်တစ်ချက်ပါခဲ့ပါတယ်။

ဒီအချက်ကိုအကြောင်းပြုပြီး လက်ရှိအခွန်ကင်းလွတ်ခွင့်ကရော နိုင်ငံတော်ဘဏ္ဍာကို မထိခိုက်စေဘူးလားလို့ မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄/၂၀၂၅) မှာ XY-ALK ကို ဝယ်ယူရာမှာ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ပါ ကင်းလွတ်ခွင့်ပေးထားပါတယ်။

နိုင်ငံတော်ပိုင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) က လေယာဉ်ဝယ်ရင်တောင် အခွန်ပေးဆောင်ရမှာဖြစ်လို့ ပုဂ္ဂလိကပိုင် MAI က ဝယ်တာကို အခွန်ကင်းလွတ်ခွင့်ပေးတဲ့အတွက် မေးခွန်းထုတ်စရာဖြစ်လာတယ် လို့ အခွန်ဆိုင်ရာ အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြောပါတယ်။

''နိုင်ငံပိုင် MNA ကအရှုံးပေါ်နေလို့ သူပေးရမယ့်အခွန်တွေကို ကင်းလွတ်ခွင့်ပြုတာဆိုရင် နားလည်နိုင်ပါတယ်။ ဒါပေမယ့် MAI က ပုဂ္ဂလိကပိုင်ဖြစ်နေပါပြီ'' လို့ သူက ပြောပါတယ်။

လေယာဥ်ကို ပြန်လျော့အကောက်ခွန် (Drawback) စနစ်နဲ့ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

Drawback ဆိုတာ တင်သွင်းတဲ့အချိန်မှာ အခွန်ပေးထားပြီး ငှားရမ်းကာလပြီးလို့ ပြန်ပို့တဲ့အချိန်မှာ တင်သွင်းတုန်းကပေးထားရတဲ့အခွန်တွေကို ပြန်ထုတ်ယူ (refund) နိုင်တဲ့စနစ် ဖြစ်ပါတယ်။

''MAI မှာ တပ်ကလူကြီးတွေရဲ့ ရှယ်ယာတွေလည်းပါတယ်လို့ သတင်းထွက်ခဲ့ပါတယ်'' လို့ အငြိမ်းစား အခွန်အရာရှိကြီးက ပြောပါတယ်။

ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်း ခဲ့ရာမှာတော့  ''ဒီလေယာဉ်ကို MAI လေကြောင်းလိုင်းက ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်'' လို့ ပြန်ဖြေပါတယ်။

ဒါပေမဲ့ Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK အခွန်ကင်းလွတ်ခွင့် ရခဲ့တာ မှန်ကန်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းက ပြောပါတယ်။

အခွန်ဘယ်လောက်ကင်းလွတ်ခွင့်ရခဲ့လဲဆိုတာကိုတော့ ''လေယာဉ် ရောင်းချသူနဲ့ ဝယ်ယူသူကြားက ထိန်းသိမ်းအပ်သော သတင်းအချက်အလက်ဖြစ်တယ်'' လို့ MAI က ဘီဘီစီကို ပြောပါတယ်။

တပ်နဲ့ 24 Hour အကျိုးစီးပွားဆက်နွှယ်မှု

24 Hour ကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ ဦးအောင်အောင်ဇော် ဟာ ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင် ကမ္ဘောဇဥက္ကဋ္ဌ ဦးအောင်ကိုဝင်းဆီကနေ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းနဲ့ AIR KBZ ကို ၂၀၁၈ မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

24 Hour အုပ်စုဟာ လေကြောင်းကဏ္ဍတင်မကဘဲ ကျောက်မီးသွေးတူးဖော်ရေး၊ လေယာဉ်ဆီနဲ့ စက်သုံးဆီဖြန့်ဖြူးရေး၊ ဆောက်လုပ်ရေး၊ ကျွန်းနဲ့ဆီအုန်းစိုက်ပျိုးရေး စတဲ့ လုပ်ငန်းအမြောက်အမြား ကိုလည်း ပိုင်ဆိုင်ပါတယ်။

ဦးအောင်အောင်ဇော် ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုနဲ့ ရင်းနှီးသူဖြစ်ပြီး စစ်ခေါင်းဆောင်မိသားစုရဲ့ လေယာဉ်ခရီးစဉ်တွေအတွက် အထူးဂရုစိုက်ပေးတဲ့အကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

24 Hour ကုမ္ပဏီ အုပ်စုက တပ်နဲ့ အကျိုးစီးပွားဆက်နွှယ်နေတဲ့အကြောင်း ဘီဘီစီရဲ့ နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးကလည်း ပြောပါတယ်။

''သူတို့(တပ်) ရှယ်ယာထည့်ထားတဲ့ လေယာဉ်ကို သူတို့ (တပ်) ပိုင်းလော့ကပဲ လာမောင်းတာ'' လို့ အဲဒီသတင်းအရင်းအမြစ်ကပြောပါတယ်။

တပ်ရဲ့ အကျိုးစီးပွားဆက်နွှယ်မှုတွေကို ဖော်ထုတ်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) က Mingalar Aviation ဟာ မြန်မာစစ်တပ်ကို ATR လေယာဥ် ၅ စင်း ဝယ်ယူ၊ ငှားရမ်းပေးခဲ့တယ်လို့ မနှစ်ကထွက်တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

"Air KBZ သည် ၎င်းတို့ပိုင်ဆိုင်ထားသည့် ATR လေယာဉ်နှစ်စင်းကို မြန်မာ့လေတပ်ထံ ရောင်းချပေးခဲ့ပြီး ATR 72-500 (MSN 545)နဲ့ ATR 72-600 (MSN 1085) တို့ဖြစ်သည်" လို့ JFM က ရေးပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ အဲဒီလေယာဉ် နှစ်စင်းထဲက MSN 1085 ကို လေတပ်ဆီက ပြန်ငှားရမ်းပြီး Mingalar Aviation က ပြန်လည်မှတ်ပုံတင်ပါတယ်။

ဒီငှားရမ်းမှုက စစ်အုပ်စုအတွက် ပုံမှန်ဝင်ငွေတစ်ရပ်ကို ရရှိစေမယ် လို့ JFM က ရေးပါတယ်။

Air KBZ နဲ့ မြန်မာလေတပ်ရဲ့ လေယာဉ်ငှားရမ်းအသုံးပြုမှုက ၂၀၁၃ ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး ATR 72-500 (MSN 658) ကို တပ်က Air KBZ ကို ငှားရမ်းပေးခဲ့ပါတယ်။

မြန်မာလေတပ်အတွက် ATR 72-500 (MSN 927) နဲ့ (MSN 939)ကို ဝယ်ခဲ့တုန်းကလည်း Air KBZ က သူတို့အမည်ကို အသုံးပြုဝယ်ယူခွင့် ပေးခဲ့တယ်လို့ JFM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လေကြောင်းဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Planespotters.net ကလည်း ATR လေယာဉ်တစ်စင်းတည်းကို Air KBZ နဲ့ တပ် တစ်လှည့်စီ မှတ်ပုံတင်ခဲ့ကြတာကို ဖော်ပြထားပါတယ်။

နောက်ထပ် လေကြောင်းဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ airfleets.net မှာလည်း ATR 72-500 (MSN 545) လေယာဉ်တစ်စင်းတည်းကို Air KBZ နဲ့ တပ် တစ်လှည့်စီ မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။

အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကိုခံနေရတဲ့ မြန်မာစစ်တပ်အနေနဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတွေကို အကာအကွယ်ယူတာက ဆန်းတော့မဆန်းဘူး လို့ လုံခြုံရေးဆိုင်ရာ အကဲခတ်တစ်ဦးက ပြောပါတယ်။

သီးသန့်လေယာဉ် အိပ်မက်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်လာမယ့် သမ္မတအတွက် သီးသန့်လေယာဉ်တစ်စင်း စီစဉ်ပေးခဲ့ဖူးပါတယ်။

ရုရှားထုတ် An-148 အသစ်တစ်စင်းကို မှာယူခဲ့ပြီး စမ်းသပ်ပျံသန်းစဉ် ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်မှာ ရုရှားမှာ ပေါက်ကွဲပြီးပျက်ကျခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ခြောက်ဦးသေဆုံးခဲ့ပြီး မြန်မာလေတပ်က နှစ်ဦးပါဝင်ပါတယ်။

ဒီအကြောင်းတွေကို အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းက 'လေထဲမိုးထဲ' လို့ အမည်ရတဲ့စာအုပ်မှာ ထည့်ရေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၁ ခုနှစ်က စစ်ဆင်ရေးအထူးအဖွဲ့မှူး၊စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ တပ်အရာရှိကြီးတွေရဲ့ ရဟတ်ယာဉ်ပျက်ကျမှုလည်း ဖြစ်ခဲ့ဖူးတာကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ လေယာဉ်တွေနဲ့ပတ်သက်ရင် အဆောင်အယောင်အဖြစ်သာမကဘဲ လုံခြုံရေးအရပါ ထည့်သွင်းစဉ်းစားကြတယ်လို့ လေတပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်တွေရဲ့ပြည်ပခရီးစဉ် လေယာဉ်သုံးစွဲမှုတွေကိုကြည့်ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရီးရှည်တွေအတွက် MAI ရဲ့ Airbus လေယာဉ်တွေကိုပဲ အများဆုံးသုံးတာ တွေ့ရပါတယ်။

သူ့ရဲ့ တရုတ်နဲ့ရုရှားခရီးစဉ်တွေမှာ MAI ရဲ့ Airbus လေယာဉ်တွေကိုပဲ သုံးခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ တရုတ်ခရီးစဉ်တွေမှာတော့ လေတပ်ပိုင် Fokker 70 လေယာဉ်တွေကိုပဲ အသုံးပြုခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက BIMSTEC အစည်းအဝေးတက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းကို လာရောက်စဉ်မှာတော့ Fokker 70 လေယာဉ်ကို သုံးခဲ့တာ တွေ့ရပါတယ်။

ကွာခြားတာတစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ Fokker 70 လေယာဉ်ကို သုံးခဲ့အခါမှာ နိုင်ငံတော်တံဆိပ်ကို လေယာဉ်မှာကပ်ထားပြီး သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ရဲ့ ခရီးစဉ်တွေမှာတော့ ပေးသုံးတာမတွေ့ရပါဘူး။

''ဒါက အသိသာကြီးပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတဖြစ်လာရင် သီးသန့်လေယာဉ်ပိုင်ဆိုင်ဖို့ သူကြိုးစားမှာ သံသယဖြစ်စရာမရှိပါဘူး'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။