လေးလောင်းပြိုင် လူသတ်မှုက ကွင်းလုံးကျွတ်လွတ်သွားတဲ့ ကြိုးတိုက်သက် အရှည်ဆုံး အကျဥ်းသား

သေဒဏ်စီရင်ခံရဖို့  ၅၆ နှစ်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အီဝါကို ဟာခါမာဒါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေဒဏ်စီရင်ခံရဖို့ ၅၆ နှစ်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အီဝါကို ဟာခါမာဒါ

အသက် ၈၈ နှစ် အရွယ် ကမ္ဘာ့ ကြိုးတိုက်သက်တမ်းအရှည်ကြာဆုံး အကျဉ်းသားဟာ သူ့အပေါ်အကွက်ဆင်ခံရတဲ့ အထောက်အထားတွေ တွေ့ခဲ့ပြီးနောက် ဂျပန် တရားရုံးက သူ့ကို အပြစ်က ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

အီဝါအို ဟာခါမာဒါ ဟာ ၁၉၆၈ တုန်းက သူ့သူဌေး၊ သူဌေးရဲ့ ဇနီးသည်နဲ့ ကလေး ၂ ယောက် ကို သတ်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး လူသတ်မှု သံသယနဲ့ နှစ် ၅၀ ကျော် အကျဉ်းချခံခဲ့ရတာပါ။

ဒါပေမဲ့ သူ့ကို စုံစမ်းစစ်ဆေးသူတွေက လေးလောင်းပြိုင်သတ်မှု ကျူးလွန်တယ်လို့ ချမှတ်နိုင်တဲ့ သက်သေတွေ အကွက်ဆင်ခဲ့တယ်လို့ သံသယ ရှိခဲ့ပြီးနောက် သူ့အမှုကို ပြန်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လူသတ်မှု စွဲချက်နဲ့ အကျဉ်းထောင်ထဲ ၄၆ နှစ်လောက် ဖြတ်သန်းခဲ့ရတဲ့ မစ္စတာ ဟာခါမာဒါရဲ့ စိတ်ကျန်းမာရေး အခြေအနေ ယိုယွင်းလာခဲ့ပြီး နောက်ဆုံးမှာ သူ့ကို အပြစ် ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ကြေညာတဲ့ တရားခွင်ကိုတောင် သူမတက်ရောက် နိုင်ခဲ့ပါဘူး။

ဂျပန်မှာ မစ္စတာ ဟာခါမာဒါရဲ့ အမှုဟာ အရှည်ကြာဆုံးနဲ့ အကျော်ကြားဆုံး ဖြစ်ပြီး လူအများရဲ့ စိတ်ဝင်စားတာ ခံခဲ့ရတာကြောင့် ကြာသပေးနေ့ ရှင်ဇူအိုကာ မြို့မှာ ပြုလုပ်ခဲ့တဲ့ တရားခွင် ကို တက်ရောက်ခွင့်ရဖို့ လူ အယောက် ၅ဝဝ လောက် တန်းစီနေတဲ့ လူတန်းရှည်ကြီးကို တွေ့ရပါတယ်။

သူ့ကို ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာလိုက်ချိန်မှာတော့ မစ္စတာ ဟာခါမာဒါ ကို ထောက်ခံသူတွေက ဟေးကနဲ အော်ဟစ် အားပေးခဲ့ကြပါတယ်။

အဲဒီလို အချိန်မှာ ကာယကံရှင် မစ္စတာ ဟာခါမာဒါ ကတော့ ဆယ်စုနှစ်ပေါင်းများစွာ အမှုရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ကြောင့် စိတ်ကျန်းမာရေး ယိုယွင်းနေတဲ့အတွက် ကိုယ်တိုင် ကြားနာနိုင်ခြင်း မရှိခဲ့ပါဘူး။

သူဟာ ၂၀၁၄ ခုနှစ်ကတည်းက ကြားနာမှု အားလုံးကို တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ အသက် ၉၁နှစ် အရွယ် အစ်မဖြစ်သူ ဟိဒဲကို ရဲ့ စောင့်ရှောက်မှု အောက်မှာ နေထိုင်ရင်း သူ့အမှုကို ပြန်ကြားနာခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အစ်မဖြစ်သူဟာ မစ္စတာ ဟာခါမာဒါ ရဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲ ဝင်ခဲ့ရပြီး သူ့မှာအပြစ်မရှိကြောင်း တရားရုံးက ကြေညာလိုက်တဲ့အခါ အချိုမြိန်ဆုံး စကားလုံးတွေကို ကြားခဲ့ရတာပဲလို့ ပြောပါတယ်။

အမှုက ကွင်းလုံးကျွတ် လွတ်ပြီလို့ ကြားရတော့ စိတ်လှုပ်ရှားပြီး ပျော်တဲ့အတွက် မျက်ရည် မဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ အစ်မဖြစ်သူက သတင်းထောက်တွေကို ပြောကြားလိုက် ပါတယ်။

သူ့မောင်ဟာ အမှန်တရား ထွက်ပေါ်လာဖို့ တိုက်ပွဲဝင်ခဲ့ရတာ နေ့စဉ် လက်ဝှေ့ထိုး နေရသလို ဘဲလို့ အစ်မဖြစ်သူက ဆိုပါတယ်။

မနိုင် နိုင်ဘူးလို့ ထင်တဲ့အခါ အောင်ပွဲရဖို့ လမ်းဆိုတာလည်း မရှိတော့ဘူးလို့ ၂ဝ၁၈ တုန်းက မစ္စတာ ဟာခါမာဒါက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ဖူးပါတယ်။

မီဆို စည်ပိုင်းထဲက သွေးစွန်းတဲ့ အဝတ်တွေ

အရင်က လက်ဝှေ့ထိုးပြီး အသက်မွေးဝမ်းကျောင်းခဲ့တဲ့ မစ္စတာ ဟာခါမာဒါ ဟာ ၁၉၆၆ တုန်းက မီဆို (ဂျပန်ရိုးရာဟင်းအနှစ်) ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက တိုကျိုမြို့ အနောက်ဘက် ရှင်ဇူအိုကာ အရပ်က သူ့သူဌေးဖြစ်သူရဲ့ နေအိမ်မှာ သူဌေး၊ သူဌေးရဲ့ ဇနီးနဲ့ ကလေး နှစ် ယောက် တို့ရဲ့ အလောင်းတွေကို မီးလောင်ထားတဲ့ ပြာပုံအောက်မှာ တွေ့ရပြီး သူတို့အားလုံးဟာ ဓားထိုး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ သူဌေးမိသားစုကို မစ္စတာ ဟာခါမာဒါက သတ်ပြီး သူတို့အိမ်ကို မီးတင်ရှို့ခဲ့တဲ့အပြင် ငွေသား ယန်းနှစ်သိန်းကို ခိုးသွားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

စွပ်စွဲခံရတဲ့ မစ္စတာ ဟာခါမာဒါဟာ အစပိုင်းမှာ ခိုးမှုနဲ့ ဓါးပြမှုတွေကို ငြင်းဆိုခဲ့ပေမယ့် တနေ့ ၁၂ နာရီ ရိုက်နှက် စစ်ဆေးမေးမြန်း ခံခဲ့ရပြီးနောက် အတင်းအကျပ်ဝန်ခံ ခိုင်းခံခဲ့ရတဲ့ အတွက် အမှုတွေကို ဝန်ခံခဲ့ပါတယ်။

၁၉၆၈ မှာတော့ လူသတ်မှု ၊ မီးရှို့မှုတွေနဲ့ သူ့မှာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဂျပန်လက်ဝှေ့သမားဟောင်းကြီး အီဝါအို ဟာခါမာဒါ ကို ဝါးပက်လက် ကုလားထိုင်မှာ ထိုင်ရင်း အေအက်ဖ်ပီ ကို ပြောကြားနေစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီဝါကို ဟာခါမာဒါ ကိုထောက်ခံ အားပေးသူတွေကတော့ အစကတည်းက သူ့မှာ အပြစ်မရှိဘူးလို့ ယုံကြည်ထားပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ဖြစ်စဉ်ဟာ လုံးဝ အပြောင်းအလဲတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီအဝတ်တွေဟာ သွေးစွန်းနေပြီး ဒါတွေကြောင့် အပြစ်ကျူးလွန်သူဖြစ်ကြောင်း သူ့ကို ဝန်ခံစေတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သွေးစွန်းအဝတ်တွေမှာ တွေ့ရတဲ့ DNA ဟာ မစ္စတာ ဟာခါမာဒါ ဆီမှာ တွေ့ရတာနဲ့ မကိုက်ညီတဲ့အတွက် ဒီအဝတ်တွေဟာ တခြားသူရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်လို့ သူ့ရှေ့နေတွေက နှစ်ပေါင်းများစွာ စောဒက တက်ခဲ့တာပါ။ ဒါ့အပြင် ဒီအထောက်အထားကို ရဲက အကွက်ချစီစဉ်ထားတာ ဖြစ်နိုင်တယ်လို့လည်း သူ့ရှေ့နေတွေက ပြောပါတယ်။

အခုလို စောဒက တက်ချက်တွေဟာ တရားသူကြီး ဟီရိုခီ မူရာယာမာကို ဖျောင်းဖျနိုင်ခဲ့ပြီး ဒီအဝတ်တွေဟာ တရားခံရဲ့ ပစ္စည်းတွေ မဟုတ်ဘူးလို့ ၂၀၁၄ ခုနှစ်မှာ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ဒီအထောက်အထားတွေက သူ့မှာ အပြစ်မရှိဘူးဆိုတာ လက်ခံရလောက်တဲ့ အတိုင်းအတာ အထိ ထင်ရှားနေတာကြောင့် တရားခံကို ထပ်ပြီး ထိန်းသိမ်းထားတာ မတရားဘူးလို့ မစ္စတာ မူရာယာမာက အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဟာခါမာဒါ ကို ထောင်က ပြန်လွှတ်ပေးလိုက်ပြီး သူ့အမှုကို ပြန်လည်စီရင်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

ရှည်လျားလှတဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကြောင့် မနှစ်ကမှ ဒီအမှုကို ပြန်လည်ကြားနာဖို့ စခဲ့ပြီး ကြာသပတေးနေ့ မနက်မှာတော့ တရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်ကြားနာမှုနဲ့ နောက်ဆုံး ကွင်းလုံးကျွတ် အမှုက လွတ်မြောက်မှု တို့ရဲ့ အသေးစိတ်ဟာ အနီရောင် စွန်းနေတဲ့ အဝတ်တွေ အပေါ်မှာ မူတည်နေပါတယ်။

ဒါတွေဟာ တရားခံရဲ့ သွေးစက်လို့ အစိုးရ အကျိုးတော်ဆောင် ဆွဲချ ရှေ့နေတွေက စွပ်စွဲထားပါတယ်။

အမှုခုခံသူဘက်က သွေးစွန်းတာ ဘယ်လောက်ကြာပြီလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ပဲပိစပ်အနှစ်တွေထဲ နှစ်တွေ အကြာကြီးစိမ့်ဝင်နေတာတောင် အရောင်က ညိုမဲ မသွားဘဲ ဆက်ပြီး နီနေသေးတာကြောင့် သက်သေအတုလုပ်ခဲ့တယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။

AFP သတင်းမှာ ဖော်ပြချက် အရ မီဆို စည်ပိုင်းထဲမှာ ဝှက်ထားတဲ့ အဝတ်ပေါ်က သွေးတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှုတွေ အကွက်ဆင်တာလို့ ကြာသပတေးနေ့က တရားရုံး ဆုံးဖြတ်ချက်မှာ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

မစ္စတာ ဟာခါမာဒါ ကိုလည်း အပြစ်မရှိကြောင်း ကြေညာခဲ့ပါတယ်။

၂၀၁၄ ကစပြီး ထောင်ကလွတ်လာတဲ့ မောင်ဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ အသက် ၉၁ နှစ်အရွယ် ဟိဒဲကို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမှုရင်ဆိုင်ရစဉ်အတွင်း အပြည့်အဝ ရပ်တည်ပေးခဲ့တဲ့ မစ္စတာ ဟာခါမာဒါ ရဲ့ အသက် ၉၁ နှစ်အရွယ် အစ်မ ဟိဒဲကို

မစ္စတာ ဟာခါမာဒါ ဟာ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပိတ် အကျဉ်းချခံခဲ့ရပြီး သေဒဏ် ကျခံရဖွယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် စိတ်ကျန်းမာရေး အကြီးအကျယ် ယိုယွင်းသွားခဲ့တယ်လို့ သူ့ရှေ့နေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

သူပြန်လည်လွတ်မြောက်လာဖို့ အဓိက ကြိုးစားခဲ့သူက အစ်မ ဖြစ်သူ အသက် ၉၁ နှစ်အရွယ် ဟိဒဲကို ဖြစ်ပြီး မနှစ်တုန်းက အမှုကို ပြန်လည် ကြားနာ စစ်ဆေးစဉ် အဆုံးမှာ သူ့ပုခုံးပေါ်က တာဝန်ကြီး ပေါ့သွားခဲ့ပြီလို့ စိတ်သက်သာရတဲ့ အခြေအနေကို အစ်မဖြစ်သူက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဂျပန်မှာ သေဒဏ် ချခံရပြီးသား အမှုကို ပြန်လည် ကြားနာ စစ်ဆေးတာ ဖြစ်ခဲလှပြီး စစ်ပြီးခေတ် ဂျပန် သမိုင်းမှာ မစ္စတာ ဟာခါမာဒါ ရဲ့ အမှုဟာ ငါးခုမြောက် ပြန်စစ်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အတူ ဂျပန်ဟာ စက်မှုအင်အားကြီး ၇ နိုင်ငံတွေထဲမှာ သေဒဏ်ချမှတ်မှု ဆက်ကျင့်သုံးနေတဲ့ နိုင်ငံတွေ ဖြစ်ပြီး သေဒဏ်ချမှတ်မယ့် အကျဉ်းသားတွေကိုလည်း စီရင်မှု မပြုခင် နာရီပိုင်းအတွင်းမှာသာ ကွပ်မျက်ဖို့ အသိပေးတာ ဖြစ်ပါတယ်။