ထရမ့်လွှတ်လိုက်တဲ့ ပြည်စောင့်တပ် LA မြို့ကြီးထဲ ဝင်လာပြီ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း နာမည်ကြီး LA လို့ အသိများတဲ့ လော့စ်အိန်ဂျလိစ် မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို စီးနင်းဖမ်းဆီးမှုတွေကို တုံ့ပြန်ကြရာက မငြိမ်မသက်တွေ၊ ထိပ်တိုက်ရင်ဆိုင်တာတွေ ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် အဲဒီ မငြိမ်သက်မှုတွေကို ကိုင်တွယ်ဖို့ ဆိုပြီး နေရှင်နယ်ဂါ့ဒ်လို့ ခေါ်တဲ့ ပြည်စောင့်တပ် တပ်ဖွဲ့ဝင် အယောက် ၂,၀၀၀ ကို LA မှာ နေရာချဖို့ သမ္မတ ထရမ့်က အမိန့် ထုတ်ထားပါတယ်။

(နေရှင်နယ်ဂါ့ဒ် ဆိုတာ ပြည်နယ် အခြေစိုက် စစ်တပ်ဖွဲ့ ပုံစံတစ်မျိူး ဖြစ်ပါတယ်။ ဒါပေမဲ့ ဗဟို အစိုးရရဲ့ အမိန့် ထွက်လာပြီး အဲဒီ အမိန့်အတိုင်းအကောင်အထည် ဖော်တဲ့ အခါမှာတော့ အမေရိကန် စစ်တပ်ရဲ့ အရန်အင်အား တစ်ရပ် အဖြစ် ပြုမူ ဆောင်ရွက်ခွင့် ရှိပါတယ်)

LA မှာ လူတွေ အုံကြွနေတာ အခုဆိုရင် နှစ်ရက် ရှိပြီ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂယ်ဗင် နြူဆမ် Gavin Newsom ရော၊ LA မြို့တော်ဝန် မစ္စ ကယ်ရင် ဘာ့စ် Karen Bass ရော ဒီမိုကရက်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တာဝန် ဝတ္တရား အတိုင်း မဆောင်ရွက်နိုင်ကြတဲ့သူတွေ ဆိုပြီး ထရမ့်က ပြစ်တင် ဝေဖန်ထားပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး နြူဆမ်ကလည်း အခုလို ပြည်စောင့်တပ်ဖွဲ့ဝင် အယောက် နှစ်ထောင် နေရာချတာ အခြေအနေတွေ ပိုဆိုးသွားအောင် လုပ်လိုက်သလိုပဲ ဆိုပြီး ပြောပါတယ်။

ပြည်စောင့်တပ်တွေ လော့စ်အိန်ဂျလိစ်မြို့ကို တနင်္ဂနွေ မနက် အစောပိုင်းမှာ ဆိုက်ရောက်လာကြပြီ ဆိုတာ အတည်ပြု နိုင်ပြီ ဖြစ်ပါတယ်။

ပြည်စောင့်တပ်ဖွဲ့ဝင်တွေဟာ အက်ဒွပ် အာရ် ရွိုက်ဘဲလ် ဆိုတဲ့ ဗဟို အစိုးရ အဆောက်အအုံမှာ ဝင်ရောက် နေရာယူတာ တွေ့ရပါတယ်။ အဲဒီ အဆောက်အအုံဟာ မက်ထရိုပိုလီတန် ထိန်းသိမ်းရေး စခန်းဘေး ကပ်ရက်မှာ တည်ရှိပါတယ်။

ပုံမှန် အခြေအနေမှာဆိုရင် ပြည်နယ် အစိုးရ လက်အောက်ခံ ဖြစ်တဲ့ ပြည်စောင့်တပ်ကို အခုလို ဗဟို အစိုးရ အမိန့်ထုတ်ပြီး ထုတ်သုံးတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် နိုင်ငံရေး သမိုင်းမှာ အတော် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ ဖြစ်ပါတယ်။

၁၉၅၀ နဲ့ ၆၀ ပြည့်ကျော်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စု အနှံ့ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ပေါ်ထွန်းနေခဲ့တဲ့ ကာလတုန်းကတော့ အခုလို ပြည်စောင့်တပ်ကို ဗဟို အစိုးရ အမိန့်နဲ့ ထုတ်သုံးတာမျိုး လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဖြိုခွဲဖို့ မဟုတ်ပါဘူး။ မတူတဲ့ လူအုပ်စုတွေကြား ထိပ်တိုက်တိုး တိုက်ခိုက်တာတွေ မပေါ်ပေါက်စေဖို့နဲ့ တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ အိုက်ဆင်ဟောင်ဝါ၊ ကနေဒီ၊ ဂျွန်ဆင် တို့လက်ထက်တွေမှာ ပြည်စောင့်တပ်ကို သုံးခဲ့ကြပါတယ်။

၁၉၆၇ ဒီထရွိုက် အဓိကရုဏ်းမှာလည်း ပြည်စောင့်တပ်ကို ဗဟို အစိုးရ အမိန့်နဲ့ စေခိုင်း အသုံးပြုခဲ့သလို၊ ၁၉၆၈ မာတင်လူသာကင်း ဂျူနီယာ အသတ်ခံရပြီး ပေါ်ပေါက်လာတဲ့ အဓိကရုဏ်းတွေနဲ့ ၁၉၇၀ နယူးယောက်မြို့ စာတိုက်ကြီး သပိတ်တိုက်ပွဲတွေမှာလည်း ပြည်စောင့်တပ်ကို ဗဟိုအစိုးရ အမိန့်ထုတ်ပြီး အသုံးပြုခဲ့ကြပါတယ်။

ICE အဖွဲ့ရဲ့ လူဖမ်းပွဲနဲ့ LA မြို့ အာခံမှု

LA မြို့ ဆန္ဒပြပွဲတွေ ဆိုတာ ဗဟို အစိုးရ လူဝင်မှုနဲ့ အခွန် ကြီးကြပ်ရေး အေဂျင်စီ အဖွဲ့ အတိုကောက် ICE အဖွဲ့ကနေ အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို စီးနင်းဖမ်းဆီးတဲ့ နေရာတွေ တဝိုက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲမှာ တရားမဝင် နေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးတဲ့ အလုပ်ကို အဲဒီ ICE အဖွဲ့က လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီမှာ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို တကျော့ပြန် ရောက်ရှိလာကတည်းက အင်မတန် ကြီးမားများပြားတဲ့ ပမာဏ အထိအောင် တရားမဝင် နေထိုင်နေသူတွေကို ဖော်ထုတ်လို့ အလုံးအရင်းနဲ့ ပြန်ပို့မယ် ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။

အဲဒီနောက်မှာ ICE အဖွဲ့ရဲ့ လူဖမ်းပွဲတွေ၊ ပြည်နှင်ဒဏ်ပေးမှုတွေ အရေအတွက် များပြားလာနေခဲ့ပါတယ်။ ဘီဘီစီရဲ့ မိတ်ဖက် အမေရိကန် သတင်းဌာန ဖြစ်တဲ့ CBS ရဲ့ စာရင်းအချက်အလက်တွေ အရ ICE က ဖမ်းတဲ့ အမှုပေါင်း အခု ထရမ့် တကျော့ပြန် လက်ထက်မှာ တစ်သိန်း ကျော် သွားပြီ ဖြစ်ပါတယ်။

LA မှာ လုပ်တဲ့ လူဖမ်းပွဲတွေမှာ လူတွေဟာ ငြိမ်မခံပဲ တုံ့ပြန်လာကြပါတယ်။ အိမ်ဖြူတော်ကတော့ LA အကြမ်းဖက် လူအုပ်တွေဟာ ICE အရာရှိတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်လာခဲ့တယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ဇွန် ၇ ရက်နေ့မှာတော့ ထရမ့်က ICE ရဲ့ ညွှန်ကြားရေးမှူး အဖြစ်ခန့်ထားတဲ့ တွမ်ဟိုမင် ကိုယ်တိုင် LA ကို ရောက်လာပြီး အကြမ်းဖက် ရန်လို မှုတွေကို လုံးဝ သည်းမခံရေးမူ ကိုင်စွဲမယ် ဆိုပြီး ပြောဆိုပါတယ်။ ICE ရဲ့ ညွှန်ကြားရေးမှူးတွေကို အမေရိကန် နိုင်ငံရေးမှာ နယ်ခြားစောင့် ဇာဘုရင် - border tsar ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ်ပါတယ်။ ထရမ့်ခန့်တဲ့ နယ်ခြားစောင့် ဇာမင်းကြီး တွမ်ဟိုမင်က LA မှာ အကြမ်းဖက်လူအုပ်က ပုဂ္ဂလိကပိုင် ပစ္စည်းတွေ၊ အဆောက်အအုံတွေကိုပါ ဖျက်စီးနေကြပြီလို့ ပြောဆိုခဲ့ပါတယ်။

သူပုန်သူကန် ထမှု သဖွယ် အထိ ထရမ့် ရည်ညွှန်းပြော

လူဝင်မှု ဥပဒေအတိုင်း ဗဟို အစိုးရ အရာရှိတွေ လှုပ်ရှား ဆောင်ရွက်နေတာကို တားဆီးနေတဲ့ ဆန္ဒပြပွဲတွေဟာ သူပုန်ထနေတဲ့ အဓိပ္ပာယ်အထိ သက်ရောက်တယ် ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒါဟာ အမေရိကန် ကိုဓ ဥပေဒေပါ ပြဌာန်းချက် ၁၀ ကို အသုံးပြုလာမယ့် ရှေ့ပြေး လက္ခဏာ အဖြစ် ထရမ့်က စတင် ပြောဆိုလာတာ ဖြစ်ပါတယ်။ အဲဒီ ပြဌာန်းချက် ၁၀ ဆိုတာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကဏ္ဍကို ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပြည်စောင့်တပ် နေရှင်နယ်ဂါ့ဒ် အဖွဲ့ နဲ့ ပတ်သက်တာလည်း ထည့်သွင်းထားပါတယ်။ တကယ်လို့ ဗဟို အစိုးရ အနေနဲ့ ပြည်တွင်း ပုန်ကန်မှုကို ရင်ဆိုင်လာရပြီ ဆိုရင် ပြည်နယ် အဆင့် ပြည်စောင့်တပ်ဖွဲ့ကို ဗဟို အစိုးရ အမိန့် သက်ရောက်စေပြီး ဗဟို အစိုးရရဲ့ အဖွဲ့အစည်း အဖြစ် လှုပ်ရှား ဆောင်ရွက် ခွင့် ပေးထားပါတယ်။

အခု အဲဒီ ဥပဒေကို အသက်သွင်းလိုက်ပြီး ထရမ့်က ပြည်စောင့်တပ်ဖွဲ့ဝင် အယောက် ၂,၀၀၀ ကို LA မြို့ကြီးဆီ စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် အမတ် ဘာနီဆဲန်ဒါးစ်ကတော့ ထရမ့်ဟာ အမေရိကန်ကို အာဏာရှင် ဝါဒ သွပ်သွင်းနေတယ်ဆိုပြီး အမေရိကန် ရုပ်သံဌာန CNN နဲ့ မေးမြန်းခန်းမှာ ပြောဆို သွားပါတယ်။ ဆီနိတ်တာ ဆဲန်ဒါးစ် အဓိက ထောက်ပြတာကတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ဘာမှ တိုင်ပင် ဆွေးနွေးတာမျိုး မလုပ်ပဲ ထရမ့်ဘက်က တစ်ဘက်သတ် ပြုမူခဲ့တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။